အန်ကာရာ ဗုံးခွဲမှု၊ သူတို့လက်ချက်လို့ ကာဒစ်ရှ်အဖွဲ့ပြော

  • 17 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အခု လပိုင်းအတွင်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ တူရကီ ကြုံနေရ။

တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပေါ်ပေါက်ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို TAK ကာဒစ်ရှ် တပ်ဖွဲ့က သူတို့ လုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

လူ ၃၇ ဦး သေဆုံးခဲ့ရတဲ့ အဲဒီ ဗုံးခွဲမှုကို တူရကီ အရှေ့တောင်ပိုင်းမှာ ကာဒ်စ်ရှ်တွေကို နှိမ်နင်းခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ လုပ်ခဲ့တာလို့ TAK အဖွဲ့က အွန်လိုင်း ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြပါတယ်။

TAK အဖွဲ့ဟာ တူရကီမှာ မတရားအသင်း ကြေညာခံထားရတဲ့ ကာဒစ်ရှ် အလုပ်သမား ပါတီ PKK ရဲ့ အဖွဲ့ခွဲ တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက အန်ကာရာမြို့မှာပဲ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု နောက်တစ်ခုကိုလည်း TAK အဖွဲ့က သူတို့ စီစဉ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

တူရကီ အာဏာပိုင်တွေ ကတော့ တနင်္ဂနွေနေ့ ဗုံးခွဲမှုကို PKK က ပြုလုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဂျာမနီကလည်း အန်ကာရာမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အန်ကာရာမှာ ရှိတဲ့ သူတို့ရဲ့ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ ကျောင်းတစ်ကျောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက အီစတန်ဘူလ် မြို့မှာ IS အဖွဲ့ရဲ့ အသေခံ ဗုံးခွဲမှုကြောင့် ဂျာမနီ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၁၂ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ