မြောက်ကိုရီးယားအပေါ် အမေရိကန် ဒဏ်ခတ် ပိတ်ဆို့

  • 17 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား အစိုးရ ဝါဒဖြန့် ဆိုင်းဘုတ်တခုကို ဖြုတ်ချဖို့ လုပ်ခဲ့တဲ့အတွက် Otto Warmbier အဖမ်းခံခဲ့ရ

မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်က နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုသစ်တွေ ပြဌာန်းရေး အမိန့်တခုကို သမ္မတ အိုဘားမားက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရက နျူကလီးယားနဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေ လတ်တလော လုပ်ခဲ့အပြီးမှာပဲ သမ္မတ အိုဘားမားက အခုလို လက်မှတ်ရေးထိုးလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံထဲမှာ အစိုးရဆန့်ကျင်တဲ့ ပြစ်မှု ကျူးလွန်ခဲ့တယ် ဆိုပြီး အမေရိကန် ကျောင်းသား တဉီးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမေရိကန် နိုင်ငံသားတွေကို ဓါးစာခံအဖြစ် အသုံးချနေတယ် ဆိုပြီး အစောပိုင်းက စွပ်စွဲပြောခဲ့ပါတယ်။

အဲဒီ အမေရိကန် ကျောင်းသား Otto Warmbier ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

Otto Warmbier ဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလတုန်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်စဉ် ဟိုတယ်တခုကနေ အစိုးရ ဝါဒဖြန့် ဆိုင်းဘုတ်တခုကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာပါ။

Otto Warmbier ကတော့ သူဒီလို လုပ်ခဲ့တာဟာ ကိုရီးယား ပြည်သူတွေရဲ့ စိတ်ဓါတ်တွန်းအားနဲ့ လုပ်ငန်းခွင်ကျင့်ဝတ်တွေကို ထိခိုက်အောင် ရည်ရွယ် လုပ်ခဲ့တာ ဖြစ်ပြီး သူ့ဘဝမှာ အဆိုးဝါးဆုံး အမှားကြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အခု Otto Warmbier အပေါ် ချမှတ်ခဲ့တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ပြစ်ဒဏ်ဟာ အရင်က တခြား နိုင်ငံခြားသားတွေ အပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထက်စာရင် အတော်လေး ကြီးမားလွန်းနေပြီး ဒီလို လုပ်ခဲ့တာဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား လောလောဆယ် တိုးပွားလာနေတဲ့ တင်းမာမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Stephen Evans က သုံးသပ်ထားပါတယ်။