Raul Castro နဲ့ Obama သတင်းစာရှင်းလင်းပွဲ

_obama_cuba_visite_ ဓာတ်ပုံ မူပိုင် Getty
Image caption Castro နဲ့ Obama သတင်းစာရှင်းလင်းပွဲ

ကျူးဘား နိုင်ငံ ကို တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ အိုဘားမား နဲ့ ကျူးဘား သမ္မတ Raul Castro တို့ဟာ မနေ့ က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပါတယ်။ ခေါင်းဆောင်နှစ်ဦး အဓိက ဆွေးနွေး ကြတဲ့ အထဲ မှာ လူ့အခွင့်အရေး ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ကျူးဘား ခံယူချက် ခြားနားပုံ တွေ ပါဝင်ပါတယ်။

သမ္မတ Raul Castro က ကျူးဘားနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကို ကာကွယ် ပြောဆိုရာ မှာ သူတို့ဟာ လူ့အခွင့်အရေး ကို ကာကွယ် စောင့်ရှောက် တဲ့ အကြောင်း၊ သူတို့ အမြင် အရ ဆိုရင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ အရေး နဲ့ ယဉ်ကျေးမှု ရပိုင်ခွင့် တွေ ဟာ ခွဲခြားလို့ မရ လို့ တဦး ကို တဦး အမှီ ပြုတဲ့ နည်း နဲ့ ကမ္ဘာ့ စံချိန် အတိုင်း လုပ်ကိုင် ဆောင်ရွက်တယ် လို့ ရှင်းပြ ပါတယ်။ အစိုးရ တရပ်အနေနဲ့ ပြည်သူ တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ လူမှု ဖူလုံရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကို အာမခံပေးခြင်း နဲ့ ကာကွယ်မှု မပြုနိုင်ရင် ယုံကြည်လက်ခံနိုင်ဖွယ် အစိုးရ လို့ မသတ်မှတ်နိုင် ပါဘူး လို့ ပြောပါတယ်။

သတင်းထောက်တွေ က ကျူးဘားနိုင်ငံ မှ နိုင်ငံရေး အကျဉ်းသား တွေ အကြောင်း မေးရာ မှာတော့ စါရင်းရှိရင် အခု ယူလာခဲ့၊ ချက်ချင်း လွှတ်ပေးမယ် လို့ ဖြေလိုက်ပါတယ်။

သမ္မတ အိုဘားမား ကလည်း ကျူးဘားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပညာရေး ဟာ အားရစရာ ကောင်းတာ မြင်ရပေမဲ့ ဒီမိုကရေစီ ပိုမို ရှင်သန် ဖို့ လိုကြောင်း ပြောပါတယ်။ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အရေး တွေ ကို သူတို့ နှစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်လက် ဆွေးနွေး ကြရာမှာ ကျူးဘားရဲ့ တိုးတက်မှု တွေ ကို လည်း အမေရိကန် က အသိအမှတ် ပြု တယ် ဆိုတာရယ်၊ ကျူးဘားရဲ့ ကံကြမ္မာ ကို လည်း ကျူးဘားပြည်သူတွေ က ပဲ ဆုံးဖြတ်ကြ မှာမို့ အမေရိကန် ရော တခြား နိုင်ငံ တွေ က ဆုံးဖြတ် မှာ မဟုတ်ပါဘူး လို့ ပြောသွားပါတယ်။

ကျူးဘားအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ထားမှု ကိုလည်း သမ္မတ အိုဘားမား အနေနဲ့ လျှော့ပေါ့ ဖို့ ဆောင်ရွက်ထားသလို အမေရိကန် ကွန်ဂရက် လွှတ်တော် အနေနဲ့ လည်း ရုပ်သိမ်းပေးမယ် လို့ သူ ယုံကြည်ကြောင်း သမ္မတ အိုဘားမား က ပြောပါတယ်။