ဘရပ်ဆဲလ် တိုက်ခိုက်မှုအပေါ် ကမ္ဘာ့တုံ့ပြန်သံ

david_cameron ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်

ဘရပ်ဆဲလ် မြို့တော် မှာ ဗုံးဖေါက်ခွဲမှု အပေါ် မှာ နိုင်ငံတကာ ရဲ့ တုံ့ပြန်မှု တွေ ထွက်ပေါ်တဲ့ အထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ ကြေညာချက် မှာ ဒီ ဖေါက်ခွဲမှု ကျူးလွန်သူတွေ ကို အမြန်ဆုံး ဥပဒေကြောင်း အရ စီရင် နိုင်မယ် လို့ မျှော်လင့်တဲ့ အကြောင်း နဲ့ ဘယ်လ်ဂျီယံ နိုင်ငံရော ဥရောပ နိုင်ငံ တွေ ပါ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ကို ဆက်လက် စောင့်ထိန်း ယင်း အမုန်းတရား နဲ့ အကြမ်းဖက်မှု တွေ ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ တုံ့ပြန်နိုင် မယ် လို့ ယုံကြည်ကြောင်း တွေ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က တော့ အခုလို လူမဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြုံတွေ့ ရ တဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေ နဲ့ အတူ ဖြေဆည်ဖို့ မလွယ် တဲ့ အချိန်ကာလ အတွင်းမှာ အတူ ရပ်တည်လျက်ရှိ တဲ့ အကြောင်း ဘယ်လ်ဂျီယံ နိုင်ငံ မှာ လိုပဲ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ဒါမှမဟုတ် ဥရောပ နိုင်ငံတခုခုမှာ တိုက်ခိုက်မှု ခံရရင်လည်း ဒီနိုင်ငံသားတွေ နဲ့အတူ လက်တွဲ ရပ်တည် ပြယင်း အကြမ်းဖက်သမားတွေ ကို အရှုံးမပေးဘူး ဆိုတာ ကို ပြသ ရမှာပဲ လို့ ပြောပါတယ်။

ကျူးဘားနိုင်ငံရောက် သမ္မတ အိုဘားမား က ဆိုရင် အမေရိကန် ပြည်ထောင်စု ဘက်ကလည်း မိတ်ဖက် မဟာမိတ် ဘယ်လ်ဂျီယံ နိုင်ငံ ကို လိုအပ် တဲ့ ကူညီ ဖေးမမှု တွေ ပေးယင်း အကြမ်းဖက်သမား တွေ ကို တရားဥပဒေ ရှေ့မှောက် ရောက်အောင် လုပ်ရမယ့် အကြောင်း၊ တချိန်ထဲမှာပဲ တကမ္ဘာလုံးမှာ ရှိတဲ့ လူသားတွေ အနေနဲ့ လူမျိုးဘာသာ မခွဲခြားပဲ အကြမ်းဖက်မှု ကို ညီညီညွတ်ညွတ် နဲ့ တိုက်ဖျက် ပစ်ရမယ် လို့ ပြောသွား ပါတယ်။

မနေ့ က တိုက်ခိုက်မှုဟာ ဆိုရင် ပဲရစ်ဖေါက်ခွဲမှု မှာ ပါဝင်တဲ့ ဆာလာအက်ဘ်ဒက်စလာမ် ကို ဖမ်းမိအပြီး ၄ ရက် အကြာ မှာ ဖြစ်ပွားခဲ့တာပါ။ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ က သူတို့ လက်ချက် လို့ ကြေညာ လိုက်ပါတယ်။