ဘရပ်ဆဲလ်စ်မှာ ဗုံးတွေ ဆက်တိုက်ကွဲ

  • 22 မတ် 2016
brussels_attack_ ဓာတ်ပုံ မူပိုင် b
Image caption လေဆိပ်ကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံ တွေ ထဲ ပြတင်းပေါက် မှန် တွေ ကွဲ နေသလို၊ မျက်နှာကျက် ပြိုကျပြီး ကြမ်းပြင်ပေါ် အပျက်အစီးပုံတွေ ကြဲပြန့်နေတာ ကို တွေ့နေရပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲလ်စ် မှာ ဗုံး ပေါက်ကွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် လာပါတယ်။

မနက် အစောပိုင်းက ဇာဗဲန်တမ် လေဆိပ် အနီး ဗုံး နှစ်ကြိမ် ကွဲခဲ့ပြီး၊ နောက် တစ်နာရီ အကြာမှာလည်း မြို့လယ် မြေအောက်ဘူတာရုံ တစ်ခုမှာ ဗုံးကွဲခဲ့ပါတယ်။

ပေါက်ကွဲမှု တွေ အတွင်း လူ အများအပြား သေဆုံး ဒဏ်ရာရ သွားတယ် ဆိုတဲ့ ကနဦး သတင်းတွေ ထွက်ပေါ် လာပါတယ်။

ဗုံးကွဲခဲ့တဲ့ လေဆိပ်ကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံ တွေ ထဲ ပြတင်းပေါက် မှန် တွေ ကွဲ နေသလို၊ မျက်နှာကျက် ပြိုကျပြီး ကြမ်းပြင်ပေါ် အပျက်အစီးပုံတွေ ကြဲပြန့်နေတာ ကို တွေ့နေရပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံမှာ အန္တရာယ် သတိပေး အမြင့်ဆုံး အထိ တပ်လှန့်ထားပြီ ဖြစ်ပါတယ်။

ဇာဗဲန်တမ် လေဆိပ် နဲ့ အဓိက ရထား ဘူရုံ အားလုံး ကနေ ခရီးသည် တွေ ကို ကယ်ထုတ် ခဲ့ပြီး၊ ဘရပ်ဆဲလ်စ် တစ်မြို့လုံးရဲ့ မြေအောက် ရထားလိုင်းတွေ ကို ရပ်တန့် လိုက်ပါတယ်။

ဘရပ်စ်ဆဲလ် မြို့တော် ပေါက်ကွဲမှု တွေ ဖြစ်ပေါ် လာခဲ့တဲ့နောက် ပြင်သစ်နိုင်ငံ မှာလည်း သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အစိုးရ အဖွဲ့ဝင် ထိပ်တန်း ဝန်ကြီး တွေ ကို အစည်းအဝေး ခေါ်ယူ လိုက်ပြီး ဘရပ်စ်ဆဲလ် ပေါက်ကွဲမှု တွေ အပေါ် ပြင်သစ်အနေနဲ့ ဘယ်လို တုံ့ပြန် ဆောင်ရွက် ကြမလဲ ဆိုတာကို ဆွေးနွေး နေကြပါတယ်။

ဘရပ်စ်ဆဲလ် အတိုက်အခိုက် ခံရတာဟာ ဥရောပ ရဲ့ ဒီမိုကရေ စီ အတိုက်အခိုက် ခံရတာပဲ လို့ ဆွီဒင် ဝန်ကြီးချုပ် စတယ်ဖန် လိုဗိန်း က ပြစ်တင် ရှုတ်ချ ပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် ကလည်း အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ် လို့ ခေါ်ဆို ခဲ့သလို ဘယ်လ်ဂျီယံ ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း စကား ပြောခဲ့ပါတယ်။

အခုဆိုရင် ဥရောပ တလွှားက လေဆိပ်တွေ မှာ လုံခြုံရေး တင်းကြပ် ထားပြီး ဘရပ်ဆဲလ်စ် မြို့တော်ဆီ ပြေးဆွဲတဲ့ ယူရိုစတား အမြန်ရထား လိုင်းကိုလည်း ဆိုင်းငံ့လိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ