ဘရပ်ဆဲလ်စ် ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဘာ့ကြောင့်လဲ

ဓာတ်ပုံ မူပိုင်
Image caption ဘရပ်ဆဲလ်စ်မြို့ တိုက်ခိုက်မှုကို လုပ်ခဲ့သူတွေဟာ ဘယ်လ်ဂျီယမ် နိုင်ငံသားတွေ ဖြစ်တယ်လို့ ဖေါ်ထုတ်တွေ့ရှိ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ အင်္ဂါနေ့တုန်းက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေအတွင်း လူ၃၂ဉီးထက် မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်ခဲ့သူ ၄ဉီးထဲက နှစ်ဉီးဟာ ဘယ်လ်ဂျီယမ်နိုင်ငံသား ညီအကို နှစ်ဉီး ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ အခုလို အစ္စလာမစ် အစွန်းရောက် ပြဿနာ ပေါ်နေရတာဟာ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်း နှစ်တွေလောက်တုန်းက ဆော်ဒီ အာရေဗျကို ဘရပ်ဆဲလ်စ်မြို့မှာ Great Mosque ဗလီကြီး တည်ဆောက်ခွင့် ပေးခဲ့တာကနေ အစပြုခဲ့တာလို့ အတော်များများက သုံးသပ်ပါတယ်။

ဒါ့အပြင် ဘယ်လ်ဂျီယမ်မှာ လာရောက် အခြေချသူ မွတ်ဆလင်တွေကို အယူသဘောထား တင်းမာတဲ့ ဆာလာဖီ ဂျီဟာဒစ် ဝါဒတွေ ဟောဖို့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်အများအပြားကိုလည်း ဆော်ဒီအစိုးရက စေလွှတ်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၂၀ကျော် အကြာ အခုအခါမှာတော့ အဲဒီ ဆာလာဖီ ဂျီဟာဒစ်ဝါဒရဲ့ သြဇာလွှမ်းမိုးမှု၊ ဘယ်လ်ဂျီယမ် အစိုးရရဲ့ ကိုင်တွယ် အရေးယူပုံ ပျော့ပြောင်းမှုတွေကြောင့် ဘယ်လ်ဂျီယမ်နိုင်ငံတွင်းမှာ ဂျီဟာဒစ်တွေ ပွားများလာခဲ့ပါတော့တယ်။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ နိုင်ငံသား ၅၀၀လောက်ဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ရှိတဲ့ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့အတွက် တိုက်ပွဲဝင်ဖို့ သိမ်းသွင်းခံခဲ့ရပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရှိတဲ့ မြို့အတော်များများမှာ အစ္စလာမစ် မြေအောက်အဖွဲ့ဝင်တွေ အခြေစိုက်နေထိုင်နေကြပြီး အထူးသဖြင့် ဘရပ်ဆဲလ်စ်မြို့နဲ့ မိုရိုကန်လူမျိုးတွေ အများအပြား ရှိတဲ့ အနောက်တောင်ဘက်ပိုင်း မိုလဲန်ဘိခ်ရပ်ကွက်မှာ အစ္စလာမစ်တွေ အလှုပ်ရှားဆုံး ဖြစ်ပါတယ်။

မနှစ်တုန်းက လူ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ဗုံးခွဲသူတွေနဲ့ သေနတ်သမားတွေဟာ မိုလဲန်ဘိခ်မှာ နေသူတွေ ဖြစ်ပါတယ်။

အဲဒီထဲက အဓိက တရားခံ ဆလာ အက်ဘ်ဒက်စ်လဲမ်ဟာ ပဲရစ်မြို့ တိုက်ခိုက်မှုအပြီးမှာ ဘယ်လ်ဂျီယမ်နိုင်ငံကို ပြန်ထွက်ပြေးလာခဲ့ပြီး မတ်လ ၁၈ရက်နေ့အထိ ရဲတွေလက်ကနေ တိမ်းရှောင်နိုင်ခဲ့ပြီးမှ သူနဲ့ သူ့အပေါင်းပါတဉီးကို မိုလဲန်ဘိခ်မှာ အရှင် ဖမ်းမိနိုင်ခဲ့ပါတယ်။

အခုလည်း အင်္ဂါနေ့က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရဲက လိုက်လံရှာဖွေနေသူ နောက်နှစ်ဉီးဟာ ဆလာ အက်ဘ်ဒက်စလဲမ်ရဲ့ အပေါင်းပါတွေ ဖြစ်ကြပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါခဲ့တဲ့ နာဂျင်မ် လာချရာဝီ ခုထိ အသက်ရှင်နေဆဲပဲလား ဆိုတာ အသေအချာ မသိရပါဘူး။အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ သူဟာ အင်္ဂါနေ့တုန်းက လေဆိပ်တိုက်ခိုက်မှုမှာ ဗုံးခွဲ အသေခံသွားတယ်လို့လည်း ဆိုပါတယ်။

လောလောဆယ်မှာ နောက်ထပ် မသင်္ကာသူတွေကို ရဲက အပူတပြင်း ခြေရာခံ လိုက်ရှာနေဆဲပဲ ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်နေသူတွေက နောက်ထပ် သွေးထွက်သံယို အကြမ်းဖက်မှုတွေ ထပ်လုပ်မလုပ် ဆိုတာ လောလောဆယ် အသေအချာ မသိနိုင်သေးပါဘူး။