လူမျိုးတုံးသတ်မှုနဲ့ ကာရာဒစ်ချ်ကို ထောင်ဒဏ်နှစ်၄၀ချမှတ်

ဓာတ်ပုံ မူပိုင် Getty
Image caption ဘော့စနီးယား စစ်ပွဲအတွင်း အနည်းဆုံး လူတသိန်းလောက် သေဆုံးခဲ့

ဘော့စနီးယန်း ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရိုဒိုဗန် ကာရာဒစ်ချ်ကို ၁၉၉၀ပြည့်လွန် နှစ်တွေတုန်းက ဘော့စနီးယား စစ်ပွဲအတွင်း လူမျိုးတုံး သတ်ဖြတ်ခဲ့မှု၊ လူမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေနဲ့ The Hague မြို့ တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက်ပါပြီ။

ဘော့စနီးယားစစ်ပွဲ ပြီးဆုံးတာ နှစ်ပေါင်း ၂၁နှစ် ရှိသွားပြီ ဖြစ်ပေမယ့်လည်း တနာရီနဲ့ မိနစ်၄၀ကြာ အဲဒီတရားခွင်ကို လာနားထောင် ကြတဲ့ စစ်ပွဲအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူတွေနဲ့ သတင်းသမားတွေအတွက် ကတော့ ဘော့စနီးယားစစ်ပွဲကို မနေ့တနေ့ကလိုပဲ ပြန်မြင်ယောင် နေခဲ့ကြပါတယ်။

စစ်ပွဲကာလအစ လပိုင်းတွေမှာ ဘော့စနီးယား အရှေ့ပိုင်းမှာ ရှိတဲ့ ဆားဘီးယန်း အနွယ်ဝင်မဟုတ်သူတွေကို ဆားဘီးယန်းတပ်ဖွဲ့တွေက လူမျိုးတုံး သတ်ဖြတ်ခဲ့ပုံတွေကို တရားခွင်မှာ ကြားနာ စစ်ဆေးခဲ့ရာမှာ နားထောင်သူတွေအဖို့ ကြက်သီး ဖြန်းဖြန်း ထရလောက်အောင် ဖြစ်ခဲ့ပါတယ်။

ဘော့စနီးယန်း မြို့တော် ဆာရာယေးဗိုးမြို့မှာ အမြောက်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပုံတွေ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပုံတွေ၊ ၁၉၉၅ခုနှစ်နွေရာသီမှာ ဆရက်ဘ်ရန်နီဆာမြို့ ကျခဲ့အပြီး လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပုံတွေကို တရားခွင်မှာ တင်ပြခဲ့စဉ် ကာရာဒစ်ချ်က မျက်နှာထား တင်းတင်းနဲ့ ကြည့်နေခဲ့တာ တွေ့ရပါတယ်။

သူ့ကို ပြစ်ဒဏ် ချမှတ်အပြီးမှာတော့ သက်သေတွေအဖြစ် လာရောက် အစစ်ခံခဲ့ကြသူတွေက တရားရုံးကနေ ငြိမ်ငြိမ်သက်သက်ပဲ ထွက်ခွာသွားခဲ့ကြပါတယ်။ဒါပေမယ့် စစ်ပွဲကာလတလျှောက်လုံး ဆာရာယေးဗိုးမှာ နေထိုင်ခဲ့သူ တဉီးဖြစ်တဲ့ ဟာရစ်စ် ပက်စ်ဆိုဗစ်ချ်ကတော့ ဒီစီရင်ချက်ချတဲ့ အခိုက်အတန့်ကာလဟာ သိပ်ကို ထူးခြား အရေးပါလှပါတယ်လို့ ပြောသွားပါတယ်။

ဘော့စနီးယားစစ်ပွဲ ဖြစ်နေစဉ် လွန်ခဲ့တဲ့ ၂၃နှစ်လောက်က နိုင်ငံတကာ ရာဇဝတ်တရားရုံးက တရားစွဲဆို အရေးယူဖို့ လုပ်နေချိန်မှာ ကာရာဒစ်ချ်ဟာ မုတ်ဆိတ် ကျင်စွယ်တွေ ထားပြီး ဘာသာရေး ခေါင်းဆောင်တဉီးအဖြစ် ဘဲလ်ဂရိတ်ဒ်မြို့မှာ ရုပ်ဖျက် ပုန်းအောင်းနေခဲ့တာပါ။

သူ့ကို ဖမ်းမိနိုင်မယ်လို့ ဘယ်သူကမှ တွက်မထားခဲ့ကြပါဘူး။ ဒါပေမယ့် အခုတော့ အရေးယူသင့်တဲ့ သူတွေကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး လူ၈၀ကျော်လောက်ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သလို ဘော့စနီးယားစစ်ပွဲမှာ အဓိက အဖျက် ဗိသုကာကြီး တဉီးလို့ ဆိုရမယ့် ရာဒိုဗန် ကာရာဒစ်ချ်ကို လူမျိုးတုံး သတ်ဖြတ်ခဲ့မှု စွဲချက်နဲ့ နောက်ဆုံးမှာ အရေးယူ အပြစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။