အီဂျစ်လေကြောင်း ပြန်ပေးဆွဲမှု ပြီးဆုံး

  • 29 မတ် 2016
Egypt Airlines ဓာတ်ပုံ မူပိုင် EPA
Image caption ပြန်ပေးသမားကို ဖမ်းမိကြောင်း ဆိုက်ပရပ် နိုင်ငံခြားရေး ဌာနအတည်ပြု

အီဂျစ် လေကြောင်းပိုင် လေယာဉ်တစ်စီး ပြန်ပေးဆွဲ ခံခဲ့ရမှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေ အားလုံး ဘေးမသီရန်မခဘဲ ပြန်လွတ် လာပြီ ဖြစ်ပါတယ်။

ဆိုက်ပရပ်က Larnaca လေဆိပ်မှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် ပြန်ပေးသမား ကိုလည်း ဖမ်းဆီးခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြန်ပေးဆွဲမှု ဖြစ်ရတဲ့ နောက်ခံ အကြောင်းကတော့ မရှင်းသေးပါဘူး။ ပြန်ပေးသမားက ဆိုက်ပရပ်မှာ ကွဲနေတဲ့ သူ့ဇနီးကို တွေ့ချင်လို့ ဆိုပြီး ရေးတဲ့ သတင်းဌာနတွေ ရှိသလို အီဂျစ်က အမျိုးသမီး အကျဉ်းစံတွေ လွတ်အောင် ကြံစည်တာ လို့လည်း ပြောနေကြ ပါတယ်။

အခုတော့ အခြေအနေ အေးဆေး ဖြစ်သွားလို့ အီဂျစ် နိုင်ငံသားလို့ သိရတဲ့ ပြန်ပေးဆွဲသူက လက်မြှောက်ပြီး လေယာဉ် လှေကား ပေါ်က ဆင်းလာတာကို ရုပ်မြင်သံကြား ပေါ်မှာ တွေ့ရပါတယ်။

အလက်ဇန္ဒြီးယား မြို့ကနေ ကိုင်ရိုကို ခရီးသည် ၅၆ ယောက် တင်ဆောင် ပျံသန်းလာတဲ့ A320 Airbus လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ယောက်နဲ့ လုံခြုံရေး အရာရှိ တစ်ယောက် ပါလာတယ်လို့ အီဂျစ် လေကြောင်းက ပြောပါတယ်။

လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၂၆ ယောက် လိုက်ပါလာပြီး အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ဆီးရီးယား စတဲ့ နိုင်ငံသားတွေ ပါဝင်တယ် လို့လည်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန် ပါတယ်။

Larnaca လေဆိပ်ဟာ ဆိုက်ပရပ်ကျွန်း တောင်ပိုင်း ကမ်းခြေမှာ ရှိပြီး အခု လေယာဉ် အဝင်အထွက်တွေ ရပ်ဆိုင်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ