လစ်ဗျား အစိုးရသစ် ဝန်ကြီးချုပ်ကို ကန့်ကွက်

  • 31 မတ် 2016
ဓာတ်ပုံ မူပိုင်
Image caption ထရီပိုလီမြို့တော်မှာ ရှိတဲ့ ရေတပ်စခန်းကို ရောက်လာအပြီးမှာ မြို့တော်တဝိုက် သေနတ်သံတွေ ကြားခဲ့ရ

မြောက်အာဖရိကနိုင်ငံတခု ဖြစ်တဲ့ လစ်ဗျားနိုင်ငံမှာ အာဏာ လွန်ဆွဲမှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။

မတ်လ ၃၀ရက် မနက် လင်းအားကြီး အချိန်လောက်တုန်းက ဝန်ကြီးချုပ် ဖာယက်ဇ် ဆာရာ့ဂျ် နဲ့ သူ့လက်ထောက်တွေ အပါအဝင် သမ္မတ ကောင်စီ ကိုယ်စားလှယ်ဝင် ၉ဉီး တူနီးရှားနိုင်ငံကနေ မော်တော်ဘုတ်နဲ့ ထရီပိုလီ မြို့တော်မှာ ရှိတဲ့ ရေတပ်စခန်းကို ရောက်လာခဲ့အပြီးမှာ မြို့တော်တဝိုက် သေနတ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့သလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြိုင်ဘက် အစိုးရ အဖွဲ့ကို ထောက်ခံတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေက အခုအခါ ထရပ်ကားတွေနဲ့ ထရီပိုလီမြို့တော်တွင်းမှာ နေရာ အများစုကို ထိန်းချုပ် နေရာယူထား လိုက်ကြပါပြီ။

ကိုယ့်သဘောနဲ့ကိုယ် အစိုးရ ကြေညာထားတဲ့ အဲဒီ ပြိုင်ဘက် အစိုးရအဖွဲ့က ကုလသမဂ္ဂ ထောက်ခံတဲ့ သမ္မတ ကောင်စီ အဖွဲ့ ကိုယ်စားလှယ်တွေကို လစ်ဗျားနိုင်ငံထဲ ဝင်လာဖို့ မကြိုးစားနဲ့လို့ ထပ်တလဲလဲ သတိပေးထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သမ္မတကောင်စီအဖွဲ့က လစ်ဗျားနိုင်ငံထဲကို လေယာဉ်နဲ့ လာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပြည်သူ့စစ်လက်နက်ကိုင်တွေက လစ်ဗျား လေကြောင်း ပိုင်နက်ကို ပိတ်ထားခဲ့လို့ မလာနိုင်ခဲ့ပါဘူး။

သမ္မတ ကောင်စီ အဖွဲ့ ကိုယ်စားလှယ် အခုလို ရောက်လာတာဟာ အာဏာသိမ်းဖို့ ကြံစည်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြိုင်ဘက် အစိုးရအဖွဲ့က ပြောနေပြီး အဲဒီ ကိုယ်စားလှယ်တွေကို ဖမ်းဆီးဖို့ကို တချို့က တောင်းဆိုနေပါတယ်။

ရေတပ်စခန်းမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ထောက်ခံတဲ့ ဝန်ကြီးချုပ် ဖာယက်ဇ် ဆာရာ့ဂျ် က အခုအချိန်ဟာ အမျိုးသား ရင်ကြားစေ့ရမယ့်အချိန် စာမျက်နှာသစ် ဖွင့်ရမယ့် အချိန် ဖြစ်တယ်လို့ ပြောသွားပါတယ်။

သူတို့ဟာ နိုင်ငံအခြေခံ အုတ်မြစ်ကို ထူထောင်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ သံဓိဋ္ဌာန် ချထားတယ်လို့လည်း ပြောသွားပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက် အစိုးရအဖွဲ့တွေရဲ့ အာဏာ လွန်ဆွဲမှုကြောင့် အခုအခါ လစ်ဗျားနိုင်ငံတဝှမ်းမှာ လက်နက်ကိုင်အုပ်စုတွေ နှစ်ခြမ်းကွဲနေကြပြီ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ အစိုးရသစ် အဖြစ် အုပ်ချုပ်နိုင်ရေး မအုပ်ချုပ်နိုင်ရေးနဲ့ ပတ်သက်လို့ လာမယ့် ရက်ပိုင်းက သိပ်ကိုအရေးပါတဲ့ အချိန်ကာလလို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက် ရာနာ ဂျဝါ့ဒ်က တူနီးရှားနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ