မြောက်ကိုရီးယား နျူကလီးယားအရေး အဓိကထား ဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption နျူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးကို ဝါရှင်တန်မှာ ကျင်းပနေ

အမေရိကန် ဝါရှင်တန်မြို့မှာ ကျင်းပနေတဲ့ နျူကလီးယား လုံခြုံရေး အစည်းအဝေးမှာ မြောက်ကိုရီးယား နျူကလီးယားအရေးကို အဓိကထား ဆွေးနွေးနေကြပါတယ်။

မြောက်ကိုရီးယားအစိုးရက နျူကလီးယား လက်နက် ထုတ်ဖို့ ကြိုးစားနေပြီး မစ်ဆိုင်းဒုံး နည်းပညာ စမ်းသပ်မှုတွေ လုပ်နေတာအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေ ပေါ်ထွက် နေချိန်မှာပဲ အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင့်ပင်တို့က မြောက်ကိုရီးယားကိစ္စအရေးကို ကိုင်တွယ်ဖြေရှင်းရေးမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကြီးရဲ့ သီးခြား ဆွေးနွေးပွဲမှာ သူတို့နှစ်ဉီး အခုလို တွေ့ဆုံခဲ့ကြတာပါ။

မြောက်ကိုရီးယား အစိုးရအပေါ် ဖိအားတွေ ထပ်ပေးတဲ့အနေနဲ့ ကုလသမဂ္ဂမှာ အတည်ပြုလိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုသစ်တွေကို အကောင်အထည်ဖေါ်ဖို့နဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ဖျက်သိမ်းရေး လုပ်ဖို့ကို တရုတ်သမ္မတ ရှီ ကျင့်ပင်ရော သူပါ ကတိပြုခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ ရှီကျင့်ပင်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုလုပ်ဖို့ကို တရုတ်တို့ဘက်က လိုလားနေကြောင်းနဲ့ နျူကလီးယား လုံခြုံရေးကိစ္စကို ဒါ့ထက်ပို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့အတွက် နှစ်စဉ် တွေ့ဆုံ ဆွေးနွေးဖို့ကို နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ပြောပါတယ်။

ဒါ့အပြင် နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေ မှောင်ခို ခိုးသွင်းတာကို တားဆီးဖို့နဲ့ ဒီလိုပစ္စည်းမျိုးတွေ အကြမ်းဖက်သမားတွေရဲ့လက်ထဲ ရောက်မသွားဖို့ကို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကလည်း ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမား တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ လုံခြုံမှု ရှိရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တူညီတဲ့ ရပ်တည်ချက် သဘောထားတခု ထားရှိဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီဆွေးနွေးပြောဆိုမှုတွေမှာ ကြီးမားတဲ့ လစ်ဟာမှုကြီး တခုကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် မပါတာပဲ ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံပေါင်းဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ နျူကလီးယား လက်နက် စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ ဖြစ်တာမို့ အခုလို အဆင့်အမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို ရုရှား တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာဟာ သဘောတူချက်တခု မဖြစ်မနေ ရရေးမှာ အနှောင့်အတား ဖြစ်လာဖို့ ရှိနေတယ်လို့ ဝါရှင်တန်မြို့ကနေ ဘီဘီစီ သတင်းထောက် Gary O’Donoghue က သတင်းပေးပို့ထားပါတယ်။