တောင်အာဖရိကသမ္မတဇူးမား ပြည်သူကိုတောင်းပန်

  • 2 ဧပြီ 2016
_jakob_zuma_ ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်အာဖရိက သမ္မတ ဇူးမား

တောင်အာဖရိက သမ္မတ Jacob Zuma က သူ့ရဲ့ ကွာဇူးလူး နေတာလ်ပြည်နယ် နကန်ဒလာ မြို့ မှာ ဒေါ်လာ ၂၄ သန်း အကုန်အကျ ခံပြီး သူ့ အိမ်ဂေဟာ ကို နိုင်ငံပိုင် ငွေထဲက ထုတ်ယူပြီး ပြုပြင် မွမ်းမံ ဆောက်လုပ် ခဲ့တဲ့ ကုန်ကျစရိတ် ကို ပြန်လည် ပေးဆပ်ပါ့မယ်၊ ဒီကိစ္စ အတွက် လည်း ပြည်သူ ကို တောင်းပန်ပါတယ် ဆိုတဲ့ မိန့်ခွန်း ကို ဧပြီလ ၁ ရက်နေ့ က ရုပ်မြင်သံကြား က တဆင့် ပြောကြားလိုက်ပါပြီ။

တရားရုံးတော် ကို မူလ က ကမ်းလှမ်းခဲ့တဲ့ အတိုင်းပဲ အရေးယူ ဆောင်ရွက်မှု တွေ ကို လိုလိုလားလား လိုက်နာတဲ့ အနေ နဲ့ သူ့ အိမ်ဂေဟာ ပြုပြင် ဆောက်လုပ်ခဲ့တဲ့ ကုန်ကျစရိတ် ကို ပြန်ပြီး ဆပ်ပါ့မယ်၊ တရားရုံးတော် က အရေးယူ ဆောင်ရွက် ဖို့ အပိုင်း ကို မလိုက်နာဖူး လို့ ပြောတဲ့ ရည်ရွယ်ချက် လည်း မရှိရိုး အမှန်ပါ ဆိုတာ ကိုလည်း အလေးအနက်ထားပြောပါရစေ လို့ ပြည်သူ အများသိအောင် သမ္မတ Jacob Zuma က ပြောသွား တာပါ။ တရားရုံးတော် က တွက်ချက် တောင်းခံတဲ့ ငွေ ကို ပြန်ပေးပါမယ် လို့ ဆိုတာပါ။

သူ့ရဲ့ အိမ်ဂေဟာ ကို မွမ်းမံ ပြင်ဆင်ရာ မှာ တခန်းတနား ရေကူးကန်၊ ခေတ်မီ အသုံးအဆောင်တွေ နဲ့ ဆောက်ခဲ့တဲ့ အတွက် ဒေါ်လာ သန်းနဲ့ချီ ကုန်ကျခဲ့လို့ ၂၀၁၄ ခုနှစ် ကတည်း က အဂတိ လိုက်စားမှု တိုက်ဖက်ရေး အဖွဲ့ ကနေ တရားစွဲခဲ့ပြီး ပြည်သူပိုင် ငွေ ကို ပြန်လည် တောင်း ခံ ခဲ့တာပါ။

ဒီအမှု နဲ့ ပတ်သက်လို့ အတိုက်အခံ ပါတီတွေ ဘက် က သမ္မတ ရာထူး က ဆင်းပေး ဖို့ အထိ တွန်းအား ပေးခဲ့တာပါ။ ဒါပေမဲ့ သမ္မတ ဇူးမား ဟာ အလွယ်နဲ့ အလျှော့ မပေးတတ်သူ ပီပီ ဖုံးကွယ်စကား တချို့ နဲ့ အတူ ပြည်သူ ကိုတောင်းပန် ယင်း နောင်ကို ဘယ်တော့ မှ ဒီလို မဖြစ်စေရပါဘူး လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။ ဒီလို သုံးစွဲပိုင်ခွင့် ရှိတာ ထက် ပိုသုံးခဲ့တာကို ပြန်မဆပ်ရင် လည်း အခြေခံ ဥပဒေ ပါ အချက်အလက် တွေ ချိုးဖေါက်မှု နဲ့ တရားစွဲ ခံရပြီး အပြစ်ဒဏ် ကျတော့မှာပါ။

သမ္မတ ဇူးမား ဟာ ၂၀၀၉ ခုနှစ် က ရာထူး ရခဲ့ပြီးတဲ့ နောက်မှာ သူ့ ရဲ့ ANC African National Congress အစိုးရ ဟာ အဂတိ လိုက်စားမှု ခရိုနီ တွေ နဲ့ ပေါင်းစားမှု စတာတွေ နဲ့ အများက စွပ်စွဲခဲ့တာပါ။ အခုလည်းပဲ ANC ပါတီ က သူ့ဘက် က ရပ်တည်ပေးယင်း အတိုက်အခံ အုပ်စုတွေ ဟာ လိုအပ်တာထက် ပိုပြီး တွန်းအား ပေးကြတယ် လို့ ဝေဖန်လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ