ဘရာဇီး သမ္မတရူးဆက်ဖ်က အာဏာသိမ်းရန်ကြံသူရှိ ဟုဆို

  • 12 ဧပြီ 2016
dilma_e_temer_640x360_epa ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတ ရူးဆက်ဖ် နဲ့ ဒုသမ္မတ တယ်မာ

ဘရာဇီး သမ္မတ ဂျီလ်မာ ရူးဆက်ဖ် က သူ့ ကို ရာထူးက ဖြုတ်ချ ပြီး အာဏာ သိမ်းဖို့ ကြိုးပမ်း တဲ့ အထဲမှာ ဒုတိယ သမ္မတ မီရှဲ တယ်မာ လည်း ပါတယ် လို့ စွပ်စွဲလိုက်ပါတယ်။ သူ့ အပေါ်မှာ အစိုးရ အသုံးစရိတ် ဘတ်ဂျက် လိုငွေ ပြနေတာတွေ ကို ဖုံးကွယ်ဖို့ ငွေစရင်း တွေ မမှန်မကန် ပြုပြင်ခဲ့တယ် လို့ ဆိုပြီး အရေးယူဖို့ ကွန်ဂရက်လွှတ်တော် မှာ ဆွေးနွေး နေကြ တာပါ။

သူ့ဘက်က အခုလို မစ္စတာ တယ်မာ ကို စွပ်စွဲရခြင်း ကလည်း မနေ့ က ထွက်လာတဲ့ မစ္စတာ တယ်မာ ရဲ့ အသံ နဲ့ ထွက်လာတဲ့ အသံသွင်း တိတ်ခွေ သတင်းတခု မှာ သမ္မတ ရူးဆက်ဖ် ကို စစ်ဆေးမှု ပြုနေပြီ ဖြစ်တဲ့ အကြောင်း တွေ ပြောထားလို့ပါ။ ဒါကြောင့် မို့ သမ္မတ ရူးဆက်ဖ် က မစ္စတာ တယ်မာ ကိုရော အောက်လွှတ်တော် ဥက္ကဌ အက်ဒွာဒို ကုညာ ပါ ပူးပေါင်းလုပ်ကြံမှု စရင်းဝင် အဖြစ် ဘရာဇီးလ်လီးယား မြို့တော် မှာ ဒေါသတကြီး နဲ့ ပြောခဲ့ပါတယ်။

သမ္မတဆီ က အာဏာသိမ်းဖို့ ကြိုးပမ်းသူ နှစ်ဦး ဟာ ကြိုတင် ကြံစည် ကြတယ် ဆိုတဲ့ အချက် ဟာ အခုတော့ ရှင်းသွား ပါပြီ လို့ စွပ်စွဲ လိုက်တာပါ။ သူ့ ကို အရေးယူ ဖို့ ပင် မဲခွဲဆုံးဖြတ်မှု တောင်မပြုရသေးဘူး သူတို့ထဲ က တဦးက သမ္မတ ရာထူးတောင် ယူထားပြီးပြီ လို့ ပြောသွား တာပါ။

မစ္စတာ တယ်မာ ဘက်ကတော့ လည်း သူပြောတဲ့ အသံသွင်း တိတ်ခွေ သတင်းစကား ဟာ မတော်တဆ ပေါက်ကြား သွားတဲ့ အကြောင်း ဆိုပါတယ်။ ဒီအသံသွင်း ပြောကြားချက်ကတော့ အောက်လွှတ်တော် အနေနဲ့ သမ္မတ ကို တရားစွဲ ဖို့ ထောက်ခံတဲ့ မဲအရေအတွက် အသာစီးရခဲ့ရင် သူ့ အနေနဲ့ ဘရာဇီးလ် ပြည်သူတွေ ကို ပန်ကြားလိုတာက ဒုသမ္မတ ကို သမ္မတ နေရာမှာ ထုံးစံ အရ အစားထိုးပြီ ဆိုရင် သူ ဟာ ဂုဏ်သိက္ခာ ရှိရှိ စဉ်စား ချင့်ချိန်မှု နဲ့ နိုင်ငံ ကို ထိန်းကျောင်း သွားပါ့မယ် လို့ ပြောထား တာပါ။

မစ္စတာ တယ်မာ ဘက် က အခုလို ပြောတာ တွေ ကြိုတင် ပေါက်ကြားတဲ့ အတွက် လည်း သူကိုယ်တိုင်ပင် အရေးယူ ခံရနိုင်ဘွယ် ရှိတယ် လို့ ဘရာဇီး မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ တကယ်တော့ သမ္မတ ရူးဆက်ဖ် ကို အရေးယူရေး မယူရေး ကို အောက်လွှတ်တော် မှာ မဲခွဲ ဆုံးဖြတ် မှာ ကတော့ လာမဲ့ တနင်္ဂနွေ မှာ စတင်မှာပါ။