ဂိုလန်ကုန်းမြင့်ကို အမြဲ သိမ်းထားမယ်လို့ အစ္စရေး အပြောကို ဆီးရီးယား ရှုတ်ချ

golan_israeli_ ဓာတ်ပုံ မူပိုင် EPA
Image caption ဂိုလန် ကုန်းမြင့် ဒေသကို ၁၉၆၇ တုန်းက ဆီးရီးယား နိုင်ငံဆီက အစ္စရေး သိမ်းပိုက် ခဲ့။

ဆီးရီးယား ပြည်တွင်းစစ် ရပ်ဖို့ ဘယ်လိုပဲ ညှိနှိုင်းမှု တွေ ပြုလုပ်နေနေ ဂိုလန် ကုန်းမြင့်ဒေသ ကတော့ အမြဲပဲ အစ္စရေးလ်တို့ လက်ထဲ ရှိနေမှာ ဖြစ်တယ် လို့ အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နက်တန်ယာဟု ပြောခဲ့တဲ့ အပေါ် ဆီးရီးယား အစိုးရက ရန်စကျူးလွန်တဲ့ စကား ဖြစ်တယ် ဆိုပြီး ရှုတ်ချ လိုက်ပါတယ်။

အစ္စရေးဟာ မဟာဗျူဟာ အရ အချက်အချာကျတဲ့ ဂိုလန် ကုန်းမြင့် ဒေသကို ၁၉၆၇ တုန်းက ဆီးရီးယား နိုင်ငံဆီက သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း အစ္စရေး နိုင်ငံ ပိုက်နက် အဖြစ် ထည့်သွင်း ပေါင်းစပ် ခဲ့ပေမယ့် နိုင်ငံတကာ ကတော့ တရားဝင် အသိအမှတ်ပြု လက်ခံခြင်း မရှိပါဘူး။

တခါ၊ ဂျနီဗာ မှာ ပြုလုပ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စကား ပြောပွဲ မှာတော့ ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစု ဖြစ်တဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ ကို ဦးဆောင် လာတဲ့ မိုဟာမက်ဒ် အလုရှ် က ဆီးရီးယား အစိုးရတပ် တွေက အရပ်သားတွေ အပေါ် တိုက်ခိုက် တာတွေ အတွက် သူပုန် တွေ ဘက်က လက်တုံ့ပြန် သင့်တယ် ဆိုပြီး ပြောလိုက် ပါတယ်။

သူ့ အနေနဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ကို ပိုမို ဖြစ်လာ စေဖို့ ပြောတာ မဟုတ်ပဲ၊ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် ကို ဆိုလိုတာ ဖြစ်တယ် လို့လည်း မစ္စတာ အလုရှ်က ဆိုပါတယ်။

ဆီးရီးယားပြည်တွင်းစစ် အခြေအနေ ဟာ အရင်ကနဲ့ နှိုင်းယှဉ်ရင် နေရာ အများစု မှာ လျော့ကျသွား ပေမယ့် မြောက်ပိုင်း မြို့ အလက်ပ်ပို မှာတော့ အခု ရက်တွေ အတွင်း တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ