အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူ ၃၅၀အထိ တိုးလာ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်လည်တည်ဆောက်ရေး အတွက် ဒေါ်လာ ဘီလျံနဲ့ချီ ကုန်မယ်လို့ အီကွေဒေါ သမ္မတပြော

အီကွေဒေါနိုင်ငံမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အခုအခါ သေဆုံးသူပေါင်း ၃၅၀ ရှိသွားပြီလို့ အီကွေဒေါ သမ္မတက ပြောပါတယ်။

ငလျင်ဒဏ်ကနေ အသက်ရှင်လွတ်မြောက်သူတွေကို ကူညီ ရှာဖွေ ကယ်ဆယ်ဖို့ ဆွစ်ဇာလန်၊ စပိန်နဲ့ လက်တင်အမေရိက နိုင်ငံအတော်များများက ကယ်ဆယ်ရေး အဖွဲ့တွေ အခုအခါ အီကွေဒေါနိုင်ငံကို ရောက်ရှိလာနေပါတယ်။

ငလျင်ကြောင့် ပစိဖိတ် ကမ်းရိုးတမ်း တလျှောက်မှာ ရှိတဲ့ မြို့တွေ ထိခိုက်ပျက်စီးခဲ့ပြီး အဝေးပြေး လမ်းမတွေ ပျက်စီး၊ နေအိမ်၊ အဆောက်အအုံတွေ ပြိုကျခဲ့ပါတယ်။

တချို့နေရာတွေမှာ အပျက်အစီးပုံတွေအောက်မှာ လူသေအလောင်းတွေ ပုပ်ပွ နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငလျင်ဒဏ် ထိခဲ့တဲ့ ဒေသတွေကို သမ္မတ ရာဖယ် ကော်ရီယာ သွားရောက် ကြည့်ရှုခဲ့ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ဘီလျံပေါင်း များစွာ ကုန်ကျမယ်လို့ ပြောပါတယ်။