ဆီးရီးယား အတိုက်အခံတွေ ဂျနီဗာ ဆွေးနွေးပွဲထဲ ပါဝင်မှုကနေ ဆိုင်းငံ့

  • 18 ဧပြီ 2016
_aleppo_hospital_bombing ဓာတ်ပုံ မူပိုင် Getty
Image caption အပစ်ရပ် သဘောတူမှု ကို ဆီးရီးယား အစိုးရတပ် ဘက်က ဖောက်ဖျက်နေတယ် လို့ အတိုက်အခံ တွေက ယူဆ နေ။

ဂျနီဗာမှာ ပြုလုပ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စကားပြောပွဲ တွေ ထဲ တရားဝင် ပါဝင် နေမှုကို အဓိက အတိုက်အခံ ညွန့်ပေါင်း အုပ်စုက ဆိုင်းငံ့ လိုက်တယ် လို့ အဲဒီ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို ကမကထ လုပ် ဦးဆောင် ပေးနေတဲ့ ကုလ သမဂ္ဂ ရဲ့ ဆီးရီးယား ဆိုင်ရာ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ က ဆိုပါတယ်။

ဆီးရီးယား နိုင်ငံထဲ ရယူထားတဲ့ အပစ်ရပ် သဘောတူမှု ကို ဆီးရီးယား အစိုးရတပ် ဘက်က ဖောက်ဖျက်နေတယ် လို့ အတိုက်အခံ တွေက ယူဆ နေကြတဲ့ အတွက် မကျေနပ်ကြောင်း ပြသတဲ့ အနေနဲ့ အခုလို ပြုလုပ်တာ ဖြစ်တယ် ဆိုပြီး မစ္စတာ ဒီ မစ္စတူရာက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံ ကိုယ်စားလှယ် တွေဟာ ဂျနီဗာမှာပဲ ဆက်လက် ရှိနေဦးမှာ ဖြစ်တဲ့ အတွက် သူ့ အနေနဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် တွေ နဲ့ ဆက်လက် စကားပြော ဆွေးနွေး နိုင်ဖို့ မျှော်လင့်တယ် လို့လည်း မစ္စတာ ဒီ မစ္စတူရာက ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ဆီးရီးယား ထဲ အပစ်ရပ် သဘောတူမှု ချိနဲ့ နေတာနဲ့ ပတ်သက်ပြီး သူနဲ့ အမေရိကန် သမ္မတ အိုဘားမားကြား ဆွေးနွေး ခဲ့ကြပြီး၊ ရုရှား နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းပြီး ဆီးရီးယား အပစ်ရပ် သဘောတူမှု ခိုင်မာ လာအောင် အကူအညီ ပေးကြဖို့ သဘောတူ ခဲ့တယ် လို့ ပြောပါတယ်။

တခါ၊ ဆီရီးယား ဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကက် ဒုံးကျည် တွေဟာ တူရကီ နိုင်ငံဘက် ကျရောက် ပေါက်ကွဲ ခဲ့တဲ့ အတွက် လူ ၄ ယောက် သေဆုံး သွားပါတယ်။

သေဆုံးသူတွေ ထဲက ၃ ဦးဟာ ဆီးရီးယား ကလေးငယ် တွေ ဖြစ်တယ် လို့ ရော့ကက် ဒုံးကျည် ကျရောက် ခဲ့တဲ့ တူရကီ နယ်စပ်မြို့ ကီးလိစ် ရဲ့ အုပ်ချုပ်ရေးမှုးက ဆိုပါတယ်။

ဆီးရီးယား ဘက်ခြမ်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ ထိန်းချုပ် ထားတဲ့ နယ်မြေ ထဲကနေ ဒုံးကျည် အနည်းဆုံး ၄ စင်း ပစ်ခတ် ခဲ့တာ ဖြစ်တယ် လို့ တူရကီ သတင်းဌာန ဒိုဂန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ