နော်ဝေအစိုးရကို Breivik တရားစွဲတာ အနိုင်ရ

ဓာတ်ပုံ မူပိုင် Getty
Image caption အကျဉ်းထောင်ထဲမှာ သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ် ဆိုပြီး နော်ဝေး အစိုးရကို Breivik တရားစွဲ

နော်ဝေနိုင်ငံမှာ ၂၀၁၁ခုနှစ်တုန်းက လူ ၈၀ နီးပါး သေဆုံးခဲ့ရတဲ့ ပစ်ခတ် သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၁နှစ် ကျခံနေရတဲ့ လင်္ကျာစွန်း ဝါဒီ Anders Breivik က အကျဉ်းထောင်အတွင်းမှာ လူမဆန်စွာ ဆက်ဆံ ပြုမူခံခဲ့ရတယ် ဆိုပြီး အစိုးရကို တရားစွဲခဲ့ရာမှာ တရားရုံးက သူ့ကို အနိုင်ပေးလိုက်ပါတယ်။

တနေ့ကို ၂၂နာရီ၊ ၂၃နာရီလောက် တိုက်ပိတ် ခံထားရတာ၊ တခြား အကျဉ်းသားတွေနဲ့ စကားပြောခွင့်မရတာ၊ အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ လည်း မှန်အထူကြီးကြားကနေပဲ စကားပြောခွင့် ရတာတွေဟာ လူ့အခွင့်အရေး ဆိုင်ရာ ဥရောပ သဘောတူညီချက်ကို ချိုးဖောက်ရာ ကျတယ် ဆိုပြီး Breivik က အစိုးရကို တရားစွဲခဲ့တာပါ။

သူ့ကျူးလွန်ခဲ့တဲ့ ပြစ်မှု ဘယ်လောက်ပဲ ကြီးနေပါစေ၊ အခု သူ့ကို ပြုမူ ဆက်ဆံပုံဟာ ထိုက်သင့်တာထက် သူ့အပေါ် ပြစ်ဒဏ် အပို ပေးနေသလို ဖြစ်နေတယ် ဆိုပြီး တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစိုးရက အံ့အားသင့်သွားခဲ့ရပြီး အယူခံ ဝင်မဝင်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ အစိုးရ ရှေ့နေက ပြောပါတယ်။

တကယ်လို့ နှစ်ဘက်စလုံးက လာမယ့် သီတင်း ၄ပတ်အတွင်း အယူခံ မဝင်ဘူး ဆိုရင် အကျဉ်းထောင်အနေနဲ့ တရားရုံး ဆုံးဖြတ်ချက်အတိုင်း Breivik အပေါ် ပို သက်သက်ညှာညှာ ကိုင်တွယ် ဆက်ဆံရဖို့ ရှိပါတယ်။

သူ့ကို တခြား အကျဉ်းသားတွေနဲ့ ပေးတွေ့တာမျိုးတွေ လုပ်ဖို့ တရားသူကြီးက ပြောခဲ့ပေမယ့် သူ့ဆီလာတဲ့ စာအဆက်အသွယ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာကတော့ လုပ်သင့်လုပ်ထိုက်တယ်၊ သူ့မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်ရာ မကျဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် Breivikရဲ့ တရားရုံး ကုန်ကျစရိတ် ဒေါ်လာ ၄သောင်းလောက်ကို နော်ဝေးအစိုးရက ပေးဆပ်ဖို့ကိုလည်း တရားရုံးက အမိန့်ပေးခဲ့ပါတယ်။

Breivikရဲ့ ပစ်ခတ် တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတဦးကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် သူ အံ့အားသင့်သွားခဲ့ရသလို ဒေါသထွက် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရတယ်လို့ ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူက ဒီလို ဟိုးလေးတကျော် အနိုင်ရသွားတာဟာ အရှိုက်ကို လက်သီးနဲ့ ထိုးလိုက်သလိုပဲလို့ ပြောသွားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစု၀င်တွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်၊ စိတ်ပျက်သွားခဲ့ရပေမယ့် Breivikကို တခြား အစွန်းရောက်တွေနဲ့ အဆက်အသွယ် လုပ်ခွင့် မပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာအတွက်တော့ စိတ်သက်သာရာ ရမိတယ်လို့ ပြောကြောင်း ဘီဘီစီ သတင်းထောက် Tracy Bircham က သတင်းပေးပို့ထားပါတယ်။