ကမ္ဘာကျော် အဆိုတော် ပရင့်စ် ကွယ်လွန်

  • 21 ဧပြီ 2016
prince ဓာတ်ပုံ မူပိုင် Getty
Image caption သူ့ခေတ်သူ့အခါက ဖန်တီးမှု အရှိဆုံးအနုပညာရှင် လို့ တင်စားကြတဲ့ ပရင့်စ်

ကမ္ဘာကျော် အမေရိကန်အဆိုတော် ပရင့်စ် မင်နီယာပူးလစ်စ် က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ အသက် ၅၇ နှစ် အရွယ်မှာ ဆုံးပါးခဲ့တာပါ။

ထူးခြားတဲ့ပုံရိပ် ကို ပိုင်ဆိုင်တဲ့ အဆိုကျော် ပရင့်စ် ဟာ ၁၉၇၀ နှောင်းပိုင်းနှစ်တွေ နဲ့ ၁၉၈၀ အစောပိုင်းနှစ်တွေမှာ အောင်မြင်မှု ထိပ်ဆုံးရောက်ခဲ့တဲ့ ဂီတ အနုပညာရှင် တယောက်ပါ။

ရော့ခ် ဂီတ ၊ Funk ဂီတ ပိုင်းတွေ နောက် ဂီတ ပုံစံတွေကို ပေါင်းစပ် ခဲ့တဲ့ သူ့ကို သူ့ခေတ်သူ့အခါ က တီထွင်မှုအရှိဆုံး၊ ဖန်တီးမှု အရှိဆုံးအနုပညာရှင် အဖြစ် အများက အသိအမှတ်ပြုလေးစား ကြပါတယ်။

သူ မကျန်းမမာ ဖြစ်နေတာ အတော်ကြာခဲ့ပြီး လက်ခံထားတဲ့ စင်တင်ဖြေဖျော်ပွဲ ၂ခု ကို ဖျက်သိမ်းခဲ့ပါတယ်။

အဆိုကျော် ပရင့်စ် ကွယ်လွန်လို့ဂုဏ်ပြု စကားဆိုကြသူတွေထဲမှာ အမေရိကန် သမ္မတ အိုဘားမားလည်း တယောက်အပါအဝင်ဖြစ်ပြီး သူဟာ ဂီတတူရိယာ တွေ ကို ကျွမ်းကျင်ပိုင်နိုင်လှတဲ့သူ၊ ထက်မြက်တဲ့ တီးဝိုင်းခေါင်းဆောင်၊ ပရိသတ်အာရုံကို ဖမ်းသိမ်းယူသွားနိုင်တဲ့ အနုပညာရှင် တယောက်လို့ သမ္မတ အိုဘားမား က အမှတ်တရ စကား ပြောပါတယ်။

အဆိုကျော် မက်ဒေါနား ကလည်း သူ ဟာ ကမ္ဘာကို ပြောင်းလဲနိုင်တဲ့အထိ ထက်မြက်တဲ့အမြင်ရှိသူ လို့ ပြောပါတယ်။

ပေါ့စတား ကေတီ ပယ်ရီ ကလည်း ပရင့်စ် ကွယ်လွန်တာ ဟာ အနုပညာ မှော် အများကြီး ပိုင်ဆိုင်ထားသူ တယောက် ဆုံးရှုံးသွားတာ ပါလို့ ဆိုပါတယ်။

မိုးတွေရွာနေတဲ့ကြား က သူ့ ကိုလေးစားကြတဲ့လူတွေ ဟာ သူ့အိမ်နား က တောင်ကုန်းတခုမှာ လာစုဝေးခဲ့ကြပြီ သူ့ ပရိသတ်တချို့ ကလည်း သူ့ ရဲ့ Purple Rain ခရမ်းပြာမိုး သီချင်း ကို ဂုဏ်ပြုတဲ့အနေနဲ့ ခရမ်းပြာရောင် ပန်းတွေ ယူလာကြသလို၊ ခရမ်းပြာ အရောင် ဝတ်စုံတွေ ဝတ်ဆင်လာခဲ့ကြပါတယ်။