ဗြိတိန် အီးယူထဲမှာ ဆက်နေသင့်လို့ အိုဘားမားပြော

  • 22 ဧပြီ 2016
Obama on Brexit ဓာတ်ပုံ မူပိုင် AFP
Image caption ကင်မရွန်းအတွက် အိုဘားမားအပြောက တစ်အား ဖြစ်စေခဲ့

ယူကေမှာ ရောက်နေတဲ့ သမ္မတအိုဘားမားက ဥရောပသမဂ္ဂ အီးယူကဗြိတိန်မထွက်ဖို့ တိုက်တွန်းတဲ့ ဆောင်းပါးတစ်ပုဒ် လန်ဒန်ထုတ် The Daily Telegraph သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။

ဒါ ဗြောင်ဝင်စွက်တာလို့ အီးယူက ထွက်ဖို့ လှုံ့ဆော်နေတဲ့ အဖွဲ့တွေက စွပ်စွဲလိုက်ပါတယ်။

မစ္စတာအိုဘားမားက ဗြိတိန်အဖို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ကမ္ဘာပေါ်မှာ သြဇာရှိနေရေးတို့အတွက် အီးယူအတွင်း ဆက်ရှိနေတာက ပိုထိရောက်တယ်လို့ဆိုခဲ့ပါတယ်။ ဗြိတိန်ရွေးချယ်မယ့်လမ်းဟာ ဒီကနေ့ အမေရိကန်မျိုးဆက်ရဲ့ အနာဂတ်အတွက် သက်ရောက်မှုတွေရှိနိုင်လို့ အမေရိကန်က ဝင်ပြောရတာလို့လည်း သူက ဆိုပါတယ်။

လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်ကတော့ သမ္မတအိုဘားမားရဲ့ အမြင်တွေဟာ ဆီလျော်မှုမရှိဘူး၊ တသမတ်ထဲမရှိဘူးလို့ The Sun သတင်းစာထဲမှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။

အခုလို အမေရိကန် သမ္မတရဲ့ ဝင်ရောက်ပြောဆိုမှုဟာ ဗြိတိန်ကို အီးယူက မထွက်သင့်ကြောင့် စည်းရုံးပြောဆိုနေတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအတွက်တော့ တစ်အား ဖြစ်သွားစေမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ သမ္မတအိုဘားမားနဲ့ ဇနီးသည် မီရှဲအိုဘားမားတို့ကို ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့က ဝင်ဆာရဲတိုက်မှာ ဒီကနေ့ နေ့လယ်စာနဲ့ ဧည့်ခံခဲ့ပါတယ်။ ညနေဖက်မှာတော့ အိုဘားမားနဲ့ ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံဆွေးနွေးကြမှာပါ။