ပရင့်စ် ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း အထောက်အထား မတွေ့ရ

  • 22 ဧပြီ 2016
_prince_death
Image caption ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်။

ကြာသာပတေး နေ့က ရုတ်တရက် ကွယ်လွန် သွားခဲ့တဲ့ အမေရိကန် အဆိုတော် ပရင့်စ် ရဲ့ ရုပ်အလောင်းကို မှုခင်း ဆိုင်ရာ ရောဂဗေဒ ဆရာဝန် တစ်ဦးက ရင်ခွဲ စစ်ဆေး ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ဆေးမှုအရ ပရင့်စ်ရဲ့ ခန္ဓာကိုယ်မှာ အပြင်းအထန် ထိခိုက် ထားတာမျိုး ထင်ထင်ရှားရှား မတွေ့ရသလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် လို့ ပြော နိုင်လောက်တဲ့ အထောက် အထား မျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်ပြီး တကယ်လို့ လိုအပ် လာရင်လည်း ဓာတု အဆိပ်သင့်ခဲ့ သလား ဆိုတာ သိရအောင် အပြည့်အဝ စမ်းစစ် ကြမှာ ဖြစ်တယ်လို့ မီနီအားပူးလစ် မြို့ သက်ဆိုင်ရာ အာဏာပိုင်တွေ က ပြောပါတယ်။

လန်ဒန် မြို့ မှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမားက လည်း သတင်းစာ ရှင်းလင်းပွဲ မှာ ပရင့်စ် သေဆုံး သွားတာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ် လို့ ထည့်သွင်း ပြောဆို ခဲ့သလို၊ သောကြာနေ့ ဘာအလုပ်မှ စမလုပ်သေးခင် ပရင့်စ် ရဲ့ နာမည်ကြီး သီချင်းတွေ ဖြစ်တဲ့ Purple Rain နဲ့ Delirious တို့ကို နားထောင် ခဲ့တယ် လို့ ဆိုပါတယ်။

ပရင့်စ် ရဲ့ ပရိသတ် တွေ ကတော့ မီနီအားပူးလစ် မြို့က ပရင့်စ် ရဲ့ နေအိမ် အရှေ့မှာ စုဝေး နေကြ ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ