ဘင်္ဂလားဒေ့ရှ် မှာ ဆရာကို ခေါင်းဖြတ်သတ်

  • 23 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တက္ကသိုလ် ဆရာ Karim Siddique

တက္ကသိုလ်တစ်ခုက အင်္ဂလိပ်စာ ဆရာတစ်ဦး ဘင်္ဂလားဒေ့ရှ်မှာ ဘာသာရေးအစွန်း ရောက်တွေရဲ့ ခေါင်းဖြတ်သတ်တာ ခံလိုက်ရပါတယ်။

အသက်၅၈နှစ်ရှိ ပါမောက္ခ Karim Siddique ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Rajshahi တက္ကသိုလ်က ဆရာတစ်ဦး ဖြစ်ပါတယ်။ တက္ကသိုလ်ကနေ အိမ်ကို ပြန်တဲ့လမ်းမှာ လူတစ်စုက ဓါးနဲ့ ခုတ်ပီး သတ်ဖြတ် ခံခဲ့ရတာပါ။

Karim Siddique ဟာ စာပေမဂ္ဂဇင်းတစ်ခုမှာအယ်ဒီတာလုပ်နေပီး၊ ဂီတကျောင်းတစ်ကျောင်း ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ဘာသာရေးကို ဆန့်ကျင်ပြောဆိုတာ ၊ ရေးသားတာမျိုး လူသိရှင်ကြားလုပ်ခဲ့တာ မရှိဘူးလို့ Karim Siddique ရဲ့လုပ်ဖေါ် ကိုင်ဖက် မိတ်ဆွေတစ်ဦးက ပြောထားပါတယ်။

အစ္စလာမ်ဘာသာကို ဝေဖန်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်ခံရတာတွေ ဘင်္ဂလားဒေ့ရှ်မှာဆက်တိုက် ဖြစ်ပေါ်နေပီး လွန်ခဲ့တဲ့နှစ်တုန်းကလည်း ဘလော့ဂ်ဂါလေးဦး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မတရားအသင်းကြေညာခံထားရတဲ့ Jamayetul Mujahideen Bangladesh JMB အစ္စလာမ္မစ် အုပ်စုအားကောင်းခဲ့တဲ့ Bagmara အရပ်မှာ ကျောင်းတခုတည်ထောင်ခဲ့တယ် လို့ အဆင့်မြင့်ရဲအရာရှိတဦးက AFP သတင်းဌာနကိုပြောခဲ့ပါတယ်။

မနှစ်တုန်းက အီတလီလူမျိုး ကက်သလစ်ဘုန်းတော်ကြီးတပါးကိုသတ်ဖြတ်မှုနဲ့ JMB အဖွဲ့ဝင်တွေ အဖမ်းခံခဲ့ရပါသေးတယ်။ ဒီလဆန်းတုန်းကလည်း ဘာသာရေးကိုဆန့်ကျင်တဲ့အမြင်တွေကို အွန်လိုင်းတင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဥပဒေ ကျောင်းသားတဦး ၊ ဒါကာမြို့ပေါ်မှာ ဓါးနဲ့ခုတ်ပြီး သေနတ်နဲ့ပစ်သတ်တာ ခံခဲ့ရပါတယ်။

မနှစ်က အသတ်ခံရတဲ့ ဘလော့ဂါ လေးဦးစလုံးဟာ အစ္စလာမ္မစ် အုပ်စုတွေက ဘာသာမဲ့ဘလော့ဂါတွေဆိုပြီး ၂၀၁၃ခုနှစ်တုန်းက စာရင်းထုတ်ပြန်ထားတဲ့ ၈၄ ဦးထဲမှာ ပါပါတယ်။ လူနည်းစုဘာသာရေးအုပ်စုဝင်တွေ ဖြစ်တဲ့ ရှီယာ၊ ဆူဖီနဲ့ အာမာဒီ မူဆလင်တွေ၊ ဟိန္ဒူနဲ့ခရစ်ယာန်ဘာသာဝင်တွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဂျပန် လူမျိုးလူမှုကူညီရေးဝန်ထမ်းတဦးလည်း မနှစ်ကတိုက်ခံရပြီးသေဆုံး ခဲ့ပါသေးတယ်။ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့က အဲဒီတိုက်ခိုက်မှုအတော်များများ ကိုသူတို့လုပ်ခဲ့တာလို့ပြောပြီး ဒါကိုသီးခြားအတည် ပြုလို့တော့မရနိုင်ပါဘူး။