ဒါရာယာ ကို ထောက်ပံ့ခွင့် ပေးဖို့ ကုလ တောင်းဆို

  • 27 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အစိုးရကို အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ပေမယ့် အကြောင်း တစုံတရာ မပြန်ခဲ့

ဆီးရီးယားနိုင်ငံ ဒါရာယာမြို့မှာ စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ ပြတ်လပ်နေပြီး အခြေအနေဟာ အတော်လေး ဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂ ကယ်ဆယ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ခွင့် ပေးဖို့ ဆီးရီးယား အစိုးရကို အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ပေမယ့် အကြောင်း တစုံတရာ မပြန်ခဲ့ဘူးလို့ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်း ဆောင်ရွက်ရေးမှူး Stephen O'Brien က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ဆီးရီးယား အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဒါရာယာမြို့ထဲမှာ အနည်းဆုံး လူ ၄ထောင်လောက် ပိတ်မိနေပါတယ်။

အဲဒီမြို့ကို ကယ်ဆယ်ရေး အကူအညီတွေ နောက်ဆုံး ပို့ပေးနိုင်ခဲ့တာ ၂၀၁၂ခုနှစ် နိုဝင်ဘာလလောက်က ဖြစ်ပါတယ်။

အခုလကျမှ အဲဒီမှာ အကူအညီတွေ ဘယ်လောက် လိုနေသလဲ ဆိုတာကို ကုလသမဂ္ဂ အဖွဲ့က သွားရောက် စစ်ဆေးခွင့် ရခဲ့ရာမှာ အခြေအနေတွေ အတော်ကြီး ဆိုးဝါးနေတာကို တွေ့ခဲ့ရပါတော့တယ်။

စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကြီးအကျယ် ပြတ်လပ်နေသလို ရေပိုက်လိုင်းတွေ လုံးဝနီးပါး ပျက်စီးလုနီးပါး အခြေအနေ ရှိနေပြီမို့ သောက်သုံးရေ ပြတ်လပ်သွားတော့မယ့် အခြေအနေ ရောက်နေတာ တွေ့ရပါတယ်။

လျှပ်စစ်မီးကတော့ လွန်ခဲ့တဲ့ ၃နှစ်က တိုက်ပွဲတွေကြောင့် လုံးဝ ပြတ်တောက်သွားခဲ့ပါပြီ။

အဲဒီကို ကယ်ဆယ်ရေး အကူအညီတွေ ပို့ခွင့်ပြုဖို့ ဆီးရီးယား အစိုးရကို ကြိမ်ဖန်များစွာ မေတ္တာ ရပ်ခံ ပန်ကြားခဲ့ပေမယ့် လောလောဆယ်အချိန်ထိ ဘာတုန့်ပြန်ချက်မှ မရခဲ့ဘူးလို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒါပေမယ့်လည်း ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲမှုတွေ လှုပ်လီလှုပ်လဲ့ ရှိခဲ့အပြီးမှာ တခြား ပိတ်ဆို့ခံထားရတဲ့ နေရာ ၁၈ခုထဲက ၁၂ခုလောက်ကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးခွင့်ရခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

အခုနောက်ဆုံးအနေနဲ့ဆိုရင် နိုင်ငံမြောက်ပိုင်းက အယ်လ် ရက်စ်တန်မြို့ကို ဒီသီတင်းပတ်အတွင်းမှာပဲ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပို့နိုင်ခဲ့တာပါ။ အဲဒီမြို့မှာ လူ တသိန်း နှစ်သောင်းလောက်ဟာ ကယ်ဆယ်ရေး အကူအညီတွေ မရတာ တနှစ်ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။

အခု ဒါရာယာမြို့ဆီ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပို့ခွင့်ရဖို့ကိုလည်း ဆီးရီးယား အစိုးရကို ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး ပန်ကြားသွားမှာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် Imogen Folkes က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ