နိုင်ငံရွှေ့ပြောင်းသူဆိုင်ရာ ဥပဒေ သြစတြီးယား ပါလီမန် အတည်ပြု

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၅ခုနှစ်အတွင်း သြစတြီးယားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံသူ ၉၀၀၀၀ ရှိခဲ့

သြစတြီးယားနိုင်ငံထဲ ဖြတ်ကျော်ဝင်လာတဲ့ နိုင်ငံ ရွှေ့ပြောင်းသူ အရေအတွက် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ ဥပဒေကြမ်းတခုကို သြစတြီးယား ပါလီမန်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းအရ တကယ်လို့ နိုင်ငံရွှေ့ပြောင်း ဝင်လာသူ အရေအတွက် ရုတ်တရက်ကြီး တိုးလာမယ် ဆိုရင် အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာခွင့် ရှိမှာ ဖြစ်ပြီး ရွှေ့ပြောင်းသူ အများစုကို နယ်စပ်မှာ အဝင်မခံပဲ ငြင်းနိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ စစ်နဲ့ မတရား ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးသင့်တယ် ဆိုတဲ့ အခြေခံမူကို ဆန့်ကျင်ရာ ရောက်နေတယ်လို့ ပြောပါတယ်။

သြစတြီးယားနဲ့ အီတလီအကြား အရေးပါဆုံး လမ်းကြောင်းတွေ ထဲက တခုဖြစ်တဲ့ Brenner Pass တောင်ကြားလမ်းမှာ ရောက်နေတဲ့ ရွှေ့ပြောင်းသူတွေက ဒီဥပဒေကြမ်းကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ တောင်ကြားလမ်းကို ပိတ်ဆို့ဖို့ လုပ်တာဟာ ဥရောပ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်တာပဲလို့ အီတလီ ဝန်ကြီးချုပ် Matteo Renzi ကလည်း ပြောပါတယ်။