ဒေါ်နယ်ထရန့် ပထမဆုံး နိုင်ငံခြားရေး ပေါ်လစီမိန့်ခွန်း ကိုပြော

  • 28 ဧပြီ 2016
dornald trump ဓာတ်ပုံ မူပိုင် ap
Image caption ကာကွယ်ရေး စားရိတ် ကိုယ့်ဘာသာကိုတာဝန်ယူ လို့ ဒေါ်နယ်ထရန့် ကပြော

ရီပတ်ဘလီကန် ပါတီတွင်း သမ္မတလောင်း ရွေးပွဲမှာ ထိပ်က ပြေးနေတဲ့ ဒေါ်နယ်ထရန့် က သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ရေးရာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ မစ္စတာ ထရန့် က အိုဘားမားရဲ့ နိုင်ငံခြားရေး နည်းဗျူဟာတွေဟာ မဆင်မခြင် အထိန်းအကွပ်မဲ့ပြီး ရည်ရွယ်ချက် ကင်းမဲ့တယ် လို့ ပြောလိုက်ပါတယ်။

တကယ်လို့ သူသာ သမ္မတအဖြစ် အရွေးခံရမယ် ဆိုရင် အမေရိကန် ပြည်သူတွေရဲ့ အကျိုးနဲ့ လုံခြုံရေး ကို ရှေ့တန်းတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသူ က ဆိုပါတယ်။

ရုရှား၊ တရုတ်တို့နဲ့ အမေရိကန် ရဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် သူလုပ်ဆောင်သွားမယ်၊ မဟာမိတ်နိုင်ငံတွေကို သူတို့ရဲ့ ကာကွယ်ရေးစနစ်တွေအတွက် ငွေကြေးပိုအကုန်အကျ ခံခိုင်းမယ်။ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့ကို အမြန်ဆုံး အနိုင်ယူနိုင်အောင် လုပ်သွားမယ်လို့ဒေါ်နယ် ထရန့် က ပြောပါတယ်။

ဒီတခါမှာ သူ့မိန့်ခွန်းက လေသံနဲနဲ လျှော့သွားတာ တွေ့ရပြီး ခါတိုင်းလို မဟုတ်ပဲ စာရွက်ကြည့်ပြောခဲ့တာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။