ဆီးရီးယား အပစ်ရပ်ဖို့ ရုရှမှာ တာဝန်ရှိ

  • 29 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ၂၄ နာရီ အတွင်း လူပေါင်း ၆၀ ကျော် သေဆုံးခဲ့

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ အစိုးရ တပ်ဖွဲ့တွေက တိုက်ခိုက်မှု တွေ ရပ်တန့် ရေး နဲ့ အပစ်အခတ် ရပ်စဲရေးကို လေးစား လိုက်နာဖို့ အတွက် ရုရှ နိုင်ငံမှာ တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေရဲ့ လေကြောင်း တိုက်ခိုက် ခံရမှုကြောင့် အလက်ပို မြို့က ဆေးရုံ တစ်ခု ပျက်စီး ခဲ့ရပြီး လူ အတော်များများ သေဆုံး ခဲ့ရပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ဂျော့ရှ် အန်းနက် က လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ အပြင်း အထန် ရှုံ့ချခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာ ဖြစ်ကြောင်း သမ္မတ အာဆတ်ရဲ့ အစိုးရမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ ဖြစ်ပါတယ်။

အလက်ပို မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွား နေကြောင့် ၂၄ နာရီ အတွင်း လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂက လည်းမြို့တွင်းက အခြေအနေ က တကယ်ကို့ ကပ်ဆိုက်နေတဲ့ အဖြစ်ပါလို့ သတိပေးနေပါတယ်။

Aleppo မြို့ မှာရှိပြီးတော့ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့က တာဝန်ယူ ဖွင့်လှစ်ထားတဲ့ အယ်လကွတ် ဆေးရုံ တည့်တည့်နဲ့အနီးတဝိုက် ကို တိုက် လေယာဉ်တွေ ပေါ်ကနေ ဒုန်းကျည်တွေ နဲ့တိုက်ခိုက်ခဲ့ကြလို့ အနည်းဆုံး လူ ပေါင်း ၂၇ ယောက် သေကြေခဲ့ရပါတယ်။

ဆရာဝန် ၃ ယောက်လည်း ပါဝင်သွားသလို လူနာ ၁၇ ယောက်လည်း သေဆုံးသွားတာပါ။ MSF ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တယောက်ဖြစ်တဲ့ ဆမ် တေလာ က ကျနော်တို့ သိပ်ကို ခံစား ရ သလို ဘယ်လိုမှ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သလို၊ ဆေးရုံကို တိုက်ခိုက်တာအခုအကြိမ် နဲ့ဆို ၇ ကြိမ်ရှိခဲ့ပြီး အဖြစ်တွေ က အလွန်ကိုဆိုးဝါး လွန်းတယ် လို့ ပြောပြပါတယ်။

တိုက်ခိုက်မှု ကိုမြင်လိုက်ရတဲ့ ဆီးရီးယားအရေးလှုပ်ရှားသူတယောက် က ရုရှားတိုက်လေယာဉ်တစင်းက ဒုံးကျည် ၂ လုံးနဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တာ လို့ ပြောပါတယ်။

Aleppo မြို့က တခြားတနေရာမှာ တိုက်ခိုက်မှု ကြောင့်လည်း နောက်ထပ် လူ ၃၀ ကျော်သေဆုံးခဲ့ရပါတယ်။

ဆီးရီးယား ကို လူသားချင်းအကူအညီပေးရေးဘက်မှာ ကုလသမဂ္ဂ ဆိုင်ရာ အကြီးအကဲ ယန် အင်ဂလန် က ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းဖြစ်ခဲ့တဲအဖြစ်တွေ က ပျက်ဆီးမှုဘေး ပြင်းထန်လှတဲ့အတွက် ကပ်ဘေးဆိုက်ခဲ့သလိုပဲလို့ ပြောသလို ဆီးရီးယား နိုင်ငံ အတွင်း အစားအစာပြတ်နေတဲ့လူတွေဆီ ထောက်ပံ့ပေးနိုင်ရေး အသက်ကယ်လမ်းကြောင်းတွေ ပြတ်တောက်သွားမယ့်အထိ စိုးရိမ်နေရပြီလို့ သတိပေးပါတယ်။

အခုအဖြစ်ကို အမေရိကန် က အပြင်းအထန်ရှုံ့ချလိုက်သလို ကုလသမဂ္ဂ ကလည်း အဲဒီမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေ ကို ရပ်ဖို့ အမေရိကန် ကကော ရုရှကပါ ဖိအားတွေ ပေးကြပါလို့ တောင်းဆိုလိုက်သလို အခုဆေးရုံတိုက်ခိုက်မှုဖြစ်ရပ်အတွက်လည်း စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ ပြောလိုက်ပါတယ်။

ဆီးရီးယား အစိုးရနဲ့ ဂျီဟတ်ဝါဒီမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့တွေ၂ဘက်ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ကမှ သဘောတူထားကြတဲ့ တိုက်ခိုက်တာတွေ ရပ်စဲမယ်ဆိုတဲ့ သဘောတူချက် ကလည်း အသက်မသေရုံလေး ယဲ့ယဲ့ပဲ ကျန်တော့တယ်ဆိုတဲ့အကြောင်းဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် မစ္စတာ စတက်ဖန် ဒဲလ် မစ်တူရာ က ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ