ဆင်သတ်ဂိုဏ်းတွေကို မတားရင် ၁၀ နှစ်မှာ မျိုးတုံးဖွယ်ရှိ

  • 29 ဧပြီ 2016
Kenya Elephant
Image caption ဆင်စွယ်တွေကို ဝယ်လိုအားများနေဆဲဖြစ်

အာဖရိက တဝန်းမှာ ဆင်တွေကို ခိုးယူ သတ်ဖြတ်မှုတွေ တားဆီးရေး နဲ့ မျိုးတုံးမှု အန္တရာယ် ကာကွယ်ရေး နည်းလမ်းတွေရှာနိုင်ဖို့ အာဖရိက နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ ကင်ညာနိုင်ငံမှာ ဆွေးနွေး နေကြပါတယ်။

ကင်ညာ သမ္မတ အူဟူရူ ကန်ယက်တာ Uhuru Kenyatta က ဆင်တွေ သေဆုံးနေတာဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း သေဆုံးတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး တရားမဝင် ဆင်စွယ် ရောင်းဝယ်ရေး အဆုံးသတ်အောင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ Giants Club လို့ ခေါ်တဲ့ ထိပ်သီး ညီလာခံကြီးမှာ တောင်းဆိုလိုက် ပါတယ်။

ဆင်စွယ်ကို လိုချင်လို့ ဂိုဏ်းဖွဲ့ ခိုးယူသတ်ဖြတ်တာ တွေကို ထိထိ ရောက်ရောက် မတားနိုင်ရင် လာမယ့် ၁၀နှစ်အတွင်း အာဖရိက ဆင်တွေ မျိုးတုံး ပျောက်ကွယ် သွားနိုင်တယ်လို့ ကျွမ်းကျင်သူ တွေကပြောနေကြ ပါတယ်။

ကင်ညာ သမ္မတ ကတော့ အာဖရိက ဆင်တွေနဲ့ ကြံ့တွေက ထွက်တဲ့ ပစ္စည်းတွေ ကို ဝယ်လိုအားတွေ ရှိနေသရွေ့ သူတို့ အနာဂတ်ကို ကယ်တင်နိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ဖို့ အလှမ်းဝေး နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခေတ်မီ လက်နက် ကိရိယာ အပြည့်အစုံ တပ်ဆင်ပြီး နိုင်ငံတကာ စျေးကွက်နဲ့ အဆက်အသွယ် ရှိကြတဲ့ ဂိုဏ်းတွေက အာဖရိက တဝန်းမှာ ဆင်အုပ်ကြီးတွေကို ဘယ်မှ ထွက်သွားလို့ မရအောင် ဝိုင်းထားကြပြီး ဆင်တွေကို သတ်ဖြတ်ကြတာ ဖြစ်တယ်။

ရလဒ် အဖြေကလည်း ကြောက်စရာ ကောင်းလှတယ်လို့ မစ္စတာ ကန်ယက်တာက ပြောပါတယ်။

ဆင်ကောင်ရေ ခုနှစ်ထောင် နီးပါးကို သတ်ပြီးမှ ရတဲ့ ဆင်စွယ်တန်ချိန် ၁၀၀ကျော်ကို အစည်းအဝေးကြီးပြီးဆုံးတဲ့ နောက်တစ်နေ့ စနေနေ့မှာ မီးရှို့ ဖျက်ဆီးကြမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာက ရှိတဲ့ဆင်ကောင်ရေဟာ အာဖရိကမှာ ၁၀ရာနှုန်းပဲ ကျန်တော့တယ်လို့ သုတေသန လုပ်သူတွေက ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ