ဇီကာဗိုင်းရပ်စ်ပိုး ပိုပြီး အန္တရာယ်များ

  • 2 မေ 2016
zika ဓာတ်ပုံ မူပိုင် Reuters
Image caption မိုက်ခရိုဆက်ဖလီ ဖြစ်ပွားမှု ဘရာဇီး တောင်ပိုင်း မှာ ပြန့်နှံ့

မွေးကင်းစ ကလေးတွေ ခေါင်းသေးပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ မိုက်ခရို ဆက်ဖလီ ရောဂါနဲ့ ဆက်နွယ်နေတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ အရင် ထင်ထားတာထက် ပိုပြီး အန္တရာယ် များတယ်လို့ ဘရာဇီး သိပ္ပံပညာရှင်တွေက ထုတ်ဖော် တွေ့ခဲ့ရပါတယ်။

အဲဒီ မိုက်ခရို ဆက်ဖလီ ရောဂါနဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး ဆက်နွယ်နေတယ် ဆိုတာကို ဆရာဝန်တွေ ဆေးသုတေသန ပညာရှင်တွေ အများစုက အခုအခါ လက်ခံထားပြီး ကိုယ်ဝန်ဆောင်ချိန် ဇီကာရောဂါပိုး ကူးစက်ခံခဲ့ရသူ အမျိုးသမီး တွေထဲက ၁ ရာခိုင်နှုန်းဟာ ခေါင်းသေးပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးလေ့ ရှိတယ်လို့ ခန့်မှန်းထားခဲ့တာပါ။

အခုတော့ ဇီကာ ရောဂါပိုး ကူးစက်ခံရသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ဝ ရာခိုင်နှုန်းက မွေးတဲ့ ကလေးငယ်တွေမှာ တခြား ဦးနှောက်နဲ့ အာရုံကြော ထိခိုက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တယ် ဆိုတာကို ဘရာဇီး ဆရာဝန် တွေက ထုတ်ဖော် တွေ့ရှိ ခဲ့ကြပါတယ်။

ဘရာဇီး သားဖွား ဆရာဝန် ဒေါက်တာ ရီနက်တို ဆာ က ဇီကာရောဂါပိုး ကူးစက်ခံလိုက်ရပြီ ဆိုတာနဲ့ တပြိုင်နက် ထိခိုက်မှုနှုန်းက အရမ်းမြန်တယ်ဆိုတာကို အံ့သြစရာ ကောင်းလောက်အောင် တွေ့ရပါတယ်။ ရောဂါပိုး ကူးစက် ပြီးတာနဲ့ ၃ ရက်အတွင်း ဆဲလ်တွေ သေကုန်ပြီး ၆ ရက်အတွင်းမှာ ပင်မ ဦးနှောက်နဲ့ အာရုံကြော ဆဲလ်တွေ အားလုံး ပျက်စီးသွားတာ တွေ့ရပါတယ်လို့ ပြောပါတယ်။

တခါ New England ဆေးပညာ ဂျာနယ်ထဲမှာ ပါတဲ့ သတင်း တပုဒ် အရလည်း ဇီကာ ရောဂါပိုး ကူးစက် ခံထားရသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၉ ရာခိုင်နှုန်း လောက်ဟာ ကြီးထွားနှုန်း နှေးကွေးတာ အပါအဝင် သားအိမ်တွင်းမှာ ပုံမှန် မဟုတ်မှုတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ဇီကာပိုးနဲ့ ပတ်သက် တာတွေကို ပိုသိလာနိုင်ဖို့ အရေးပေါ် လိုအပ်နေပါပြီ။

ဘရာဇီးနိုင်ငံမှာ ဇီကာ ရောဂါနဲ့ မိုက်ခရိုဆက်ဖလီ ဖြစ်ပွားမှုဟာ ရီယို ဂျနဲရိုးမြို့ အပါအဝင် နိုင်ငံတောင်ပိုင်း ပြည်နယ်တွေမှာ ပြန့်နှံ့ ဖြစ်ပွားနေပြီး အထူးသဖြင့် ဆင်းရဲတဲ့ အသိုင်းအဝိုင်းတွေ ကြားမှာ အဖြစ်များလေ့ ရှိပါတယ်။

အခုအခါ ဇီကာ ရောဂါပိုး ဘယ်လိုကာကွယ် တားဆီးရမလဲ ဆိုတာကို လူထုကို ပညာပေးမှုတွေ တိုးတက် ကောင်းမွန် လာတဲ့အတွက် တချို့ နေရာတွေမှာ ဇီကာ ရောဂါပိုး ကူးစက်မှုနှုန်း နှေးသွားတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဇီကာ ရောဂါပိုးကာကွယ်ဆေး ရှာဖွေ ထုတ်လုပ်ဖို့က ကနဦး အဆင့်မှာပဲ ရှိနေသေးတဲ့ အတွက် နိုင်ငံ တဝှမ်း ရောဂါပိုး ကူးစက် ပြန့်ပွားမှုကတော့ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ရီယို ဂျနဲရိုး မြို့ကနေ ဘီဘီစီ သတင်းထောက် ဝီရာ ဒေးဗီးစ်က သတင်း ပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ