ဆေးရုံဆေးခန်းတွေကို အကာအကွယ် ပြုဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

kunduz_hospital_attacked ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန်နစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ရုံ လေကြောင်းတိုက်ခိုက် ခံခဲ့ရပြီး လူ ၄၂ ယောက် သေဆုံး ခဲ့ရတဲ့ ကိစ္စမှာ တာဝန်ရှိသူတွေကို ရာဇဝတ်ဆိုင်ရာ ပြစ်မှု တွေနဲ့ အရေးမယူဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရှိတဲ့ ဆေးရုံ ဆေးခန်း တွေ နဲ့ ကျန်းမာရေး ဝန်ထမ်း တွေကို အကာအကွယ်ပြု ကြဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချမှတ်လိုက် ပါတယ်။

ဆီးရီးယား နိုင်ငံထဲမှာ ဆေးရုံတစ်ခု လေကြောင်း တိုက်ခိုက်တာ ခံခဲ့ရပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ပေါ်ပေါက် ခဲ့ရတဲ့နောက် သီတင်း တစ်ပတ် မပြည့်ခင် အချိန်မှာပဲ အခုလို လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဆေးရုံ ဆေးခန်းတွေ ပစ်မှတ်ထား တိုက်ခိုက် ခံနေရတဲ့ အပေါ် ပြစ်တင် ရှုတ်ချတာထက် ပိုပြီး အရေးယူ ဆောင်ရွက်ကြ ပါဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းကလည်း ကမ္ဘာ့ နိုင်ငံတွေကို တိုက်တွန်း လိုက်ပါတယ်။

ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ လုပ်ဆောင် ရမှာ ဖြစ်တယ်လို့ မစ္စတာ ဘဲန်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အာဖဂန်နစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ရုံ လေကြောင်းတိုက်ခိုက် ခံခဲ့ရပြီး လူ ၄၂ ယောက် သေဆုံး ခဲ့ရတဲ့ ကိစ္စမှာ တာဝန်ရှိသူတွေကို ရာဇဝတ်ဆိုင်ရာ ပြစ်မှု တွေနဲ့ အရေးမယူဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့ အပေါ် အင်မတန် စိတ်မသက်မသာ ဖြစ်ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ