အချုပ်အခြာ မထိရင် နျူလက်နက် မသုံးဘူးလို့ ပြုံယမ်းပြော

  • 8 မေ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် ကြိုးပမ်း သွားမယ် လို့ ကင်ဂျုံအွန်းက ပြောတယ်လို့ သတင်းစာ တွေက ဖေါ်ပြ

မြောက်ကိုရီးယား နိုင်ငံရဲ့ အချုပ် အခြာကို မခြိမ်း ခြောက်ရင် နျူကလီးယား လက်နက် ကို သုံးမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်က အဓိပ္ပါယ် အမျိုးမျိုး ထွက်တဲ့ သတင်း စကား မျိုးကို ပေး နေတာဖြစ်ပြီး တိုင်းပြည်ရဲ့ နျူကလီယား စက်ရုံမှာ ရှိတဲ့ လှုပ်ရှား မှု အရ ဆိုရင် နောက်ထပ် နျူကလီးယား စမ်းသပ်မှု လုပ်ဖို့ ပြင်နေတာ တွေ့ရ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးတော့ အခု ညီလာခံမှာ ပြောတဲ့ မိန့်ခွန်း ဟာ ရှည်လျားပြီး လေလုံး ထွားပေမယ့် အသေးစိတ် လုပ်နည်း ကိုင်နည်း တော့မတွေ့ရပါဘူး။ ရည်ရွယ်ချက် တွေ ချပြပြီး ဘယ်လို လုပ်ကိုင် မလဲ ဆိုတာရယ် ပန်းတိုင်ကို ပြောပြီး လမ်းကြောင်းတော့ မပါတဲ့ သဘောလို့ ဆိုပါတယ်။

ဥပမာ ကြည့်ရင် စီးပွားရေး တောင့်တင်း ခိုင်မာတဲ့ နိုင်ငံနဲ့ ပြည်သူတွေ အတွက် စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်မယ်လို့ ဆိုပေမယ့် ပုဂ္ဂလိက ပိုင်းကို ပိုခွင့်ပြု မှာလား တရုတ် စီးပွားရေး ဖွံ့ဖြိုးမှုလို လမ်းကြောင်း လိုက်မှာလား ဆိုတာ မရှင်းပါဘူး။

တရုတ် စီးပွားရေး လမ်းစဉ် အတိုင်း ဆောင်ရွက်မယ် ဆိုတဲ့ သဘောလည်း မတွေ့ရ ပါဘူး။ နောက်တချက် ကတော့ နျူကလီးယား လက်နက်နဲ့ ပတ်သက်တဲ့ ကြေညာချက် ဟာ အဓိပ္ပါယ် နှစ်ခွ ဖြစ်နိုင် ပါတယ်။

အချုပ် အခြာ အာဏာကို ထိပါးတယ် ဆိုတာက သူတို့ကို စတိုက်မှ နျူကလီးယား လက်နက် နဲ့ ပြန် တိုက်မယ်လို့ ပြောသလား ဒါမှမဟုတ် ဒီထက် လျှော့တွက် ရမလား ဆိုတာလည်း သိပ်မရှင်း ပါဘူး။

နောက်တခါ စစ်ပွဲ မရှိတဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့နဲ့ ပါတီနဲ့ နိုင်ငံတော်ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် ကြိုးပမ်း သွားမယ် လို့ ကင်မ်ဂျုံအွန်းက ပြောတယ်လို့ သတင်းစာ တွေက ဖေါ်ပြတဲ့ အပေါ် အမေရိကန် အစိုးရတော့ သံသယ ရှိနိုင် တယ်လို့ မြောက်ကိုရီးယားရှိ ဘီဘီစီ သတင်းထောက် က သုံးသပ်သွား ပါတယ်။