ဖိလစ်ပိုင် မှာ သမ္မတသစ် ရွေးပွဲ ကျင်းပ

ဓာတ်ပုံ မူပိုင် Getty
Image caption မြို့တော်ဝန် ရိုထရီဂို ဒူထဲတေး က သမ္မတ သစ် ရွေးချယ် ပွဲမှာ ရေးပန်းစား နေ

ဖိလစ်ပိုင် နိုင်ငံ က သမ္မတ သစ် ရွေးကောက်ပွဲ မှာ လူထောင်ပေါင်းများစွာ ဆန္ဒမဲပေး ခဲ့ကြပါတယ်။ လက်ရှိ အချိန်မှာ မဲရေတွက်မှုကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပေါ်လစီ ခပ်ကြမ်းကြမ်း တွေကို ကျင့်သုံး မယ်လို့ ပြောကြား နေတဲ့ မြို့တော်ဝန် ရိုထရီဂို ဒူထဲတေး က သမ္မတ သစ် ရွေးချယ် ပွဲမှာ ရေးပန်းစား နေပါတယ်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတ သစ် ရွေးကောက်ပွဲမှာ အကြမ်းဘက် မှုတွေ ဖြစ်ပွား ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး လည်း သေဆုံး ခဲ့ရပါတယ်။

အသက် ၇၁နှစ်အရွယ် မြို့တော်ဝန် မစ္စတာ ဒူတဲတေးဟာ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေအကြောင်းကို သူ့ရဲ့ မဲဆွယ်ပွဲတွေမှာ အဓိကထား ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ သူ့ရဲ့ စကားတွေကြောင့် အခြေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံအတွင်း ကြီးထွားနေတဲ့ ရာဇဝတ်မှုတွေကို အမြစ်ဖြတ် နှိမ်နှင်းမယ်။ ရာဇဝတ်သားတွေကို ထောင်နဲ့ချီ သတ်ပစ်မယ် ဆိုပြီး မစ္စတာ ဒူတဲတေးက မဲဆွယ်ပွဲတွေအတွင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့အတွင်း၊ စစ်တပ်အတွင်း အာဏာ အလွဲသုံးစားလုပ်တာမျိုးတွေကိုလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဒါဗာအို မြို့တော်မှာ လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့တွင်းက အဂတိလိုက်စားတဲ့ ရဲ ဗိုလ်ချုပ်ကြီးတွေ အတွက် ရွေးစရာ နှစ်လမ်းပဲ ရှိတယ်။ အငြိမ်းစားယူရင်ယူ၊ မဟုတ်ရင် အသက်ပေး စတေးပြီး အမှုထမ်း ရမှာ ဖြစ်တယ်။

အထူးသဖြင့် ရဲဝန်ထမ်း တဉီးအနေနဲ့ ရာထူးကနေ မနှုတ်ထွက်ချင်ဘူး။ ဆက်အမှုထမ်းမယ်ဆိုရင် ရာဇဝတ်သားတွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါကိုယ့်အသက်ကို အန္တရာယ် ပြုမယ် ထင်ရင် အဲဒီ ရာဇဝတ်သားကို ပစ်သတ်ပိုင်ခွင့် ရှိတယ်လို့ မစ္စတာ ဒူတဲတေးက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရေး ခေါင်းဆောင်တချို့က စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ် ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့ကြပြီး တကယ်တန်းမှာ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုတွေ ပပျောက်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် ဖိလစ်ပိုင်ပြည်သူတွေက အတော်လေး စိတ်ကုန်နေကြတာပါ။

အခု မစ္စတာ ဒူတဲတေးက နိုင်ငံ အကြပ်အတည်း ပြဿနာတွေ ဖြေရှင်းတဲ့အခါ ဒီမိုကရေစီနည်းအရ ချိန်ခွင်လျှာ ထိန်းညှိတာမျိုး လုပ်မယ်လို့ ပြောခဲ့တာကြောင့် လူကြိုက်များ ထောက်ခံမှု ရခဲ့တာပါ။

ဒါဗာအိုမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၂၂နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ မစ္စတာ ဒူတဲတေးဟာ ဒဏ်ခတ်အပြစ်ပေးတတ်သူ အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။

ဟိုတလောတုန်းကတော့ သူ့ရဲ့ အပြောင်အပျက်စကားတခွန်းကြောင့် အကြီးအကျယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါသေးတယ်။ ထောင်ဆူမှုတခုအတွင်း အသတ်ခံခဲ့ရသူ သြစတြီးလျလူမျိုး သာသနာပြု အမျိုးသမီးတဉီးကို သူသာ ပထမဆုံး အဓမ္မပြုကျင့်သူ ဖြစ်သင့်တယ် ဆိုပြီး နောက်ပြောခဲ့တဲ့အတွက် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်မှာတော့ သူက ပြန်တောင်းပန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ သက်တမ်း ၆နှစ်အပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိတော့တဲ့ လက်ရှိသမ္မတ Benigno အကီနိုက ကျန်တဲ့ သမ္မတလောင်းတွေနဲ့ ပေါင်းပြီး မစ္စတာ ဒူတဲတေး အရွေးမခံရအောင် အစွမ်းကုန် ဉီးဆောင် ကြိုးပမ်းနေခဲ့တာပါ။

တကယ်လို့သာ မစ္စတာ ဒူတဲတေး သမ္မတအဖြစ် ရွေးကောက်ခံရမယ် ဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်စနစ် ပြန်ရှင်သန်လာမယ် ဆိုပြီး သမ္မတ အကီနိုက သတိပေး ပြောထားခဲ့တယ်လို့ ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ်က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ