သမ္မတ အိုဘားမား ရဲ့ ဟီရိုရှီးမား ခရီးစဉ်

  • 10 မေ 2016
_hiroshima ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတအိုဘားမား ဟီရိုရှီးမားကို သွားမယ်

အမေရိကန် သမ္မတ အိုဘားမား ဟာ ဂျပန်နိုင်ငံ မှာ ကျင်းပမဲ့ စက်မှုအင်အားကြီး ၇ နိုင်ငံ ဂျီဆဲဗင်း ထိပ်သီး ညီလာခံ ကို သွားတက် ယင်း ဟီရိုရှီးမား မြို့ ကို လည်း သွား ဖို့ အစီအစဉ်ရှိ ပါတယ်။ အမေရိကန် သမ္မတ တွေ အနက် မစ္စတာ အိုဘားမား ဟာ သမ္မတ ရာထူး ထမ်းဆောင်စဉ် အတွင်းမှာ အမေရိကန် ရဲ့ ဗုံးကြဲဒဏ် ခံရတဲ့ မြို့ ကို သွားမဲ့ ပထမ ဆုံး အမေရိကန် သမ္မတ လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ က ဟီရိုရှီးမား နဲ့ နာဂါဆာကီ မြို့ တွေ ကို အဏုမြူဗုံး ကြဲ ခဲ့တဲ့ ကိစ္စ နဲ့ ပတ်သက် လို့ တော့ ဂျပန်ပြည်သူတွေ ကို တောင်းပန်စကား ဆိုမှာ မဟုတ်တဲ့ အကြောင်း အိမ်ဖြူတော် က ကြေညာချက် ထုတ်ပြန် ပါတယ်။ အမေရိကန် ဖက် က ဒုတိယ ကမ္ဘာစစ် ဟာ ဂျပန် စစ်ရှုံးခဲ့ လို့ သာ ပြီးဆုံး သွားတယ် လို့ မှတ်ယူခဲ့တာပါ။ အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ့် အားနက်စ် က ဒီခရီးစဉ် ဟာ အမေရိကန် ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်ရေး အတွက် ရည်ရွယ် တာ လို့ ဆိုပါတယ်။

သမ္မတကြီးက ဒီခရီးစဉ် ရဲ့ ရည်ရွယ်ချက် ကို ပြသလိုတဲ့ နေရာမှာ ကမ္ဘာကြီး ဟာ နျူကလိယပ် လက်နက်တွေ ကင်းစင်တဲ့ ဂြိုဟ်ကမ္ဘာ ကြီး အဖြစ် တည်တံ့စေလိုတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ အာရှ မှာ အမေရိကန် ရဲ့ အရင်းနှီးဆုံး မဟာမိတ် ဟာလည်း နှစ်ပေါင်း ၇ဝ အတွင်း မှာ ဂျပန် နိုင်ငံ ပဲ ဖြစ်နေတဲ့ အတွက် ရန်ဖက် လို့ မသတ်မှတ် နိုင်တဲ့ အကြောင်း လည်း အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ့် အားနက်စ် က ပြောပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဘေး ကလည်း အမေရိကန် သမ္မတ ရဲ့ ဟီရိုရှီးမား ခရီးစဉ် ကို ကြိုဆိုလိုက်ပါတယ်။ ဟီရိုရှီးမားမြို့ ကို သမ္မတအိုဘားမား သွားဖို့ ဆုံးဖြတ်တာ ကို ကြိုဆို ရာမှာ အဏုမြူဗုံးဒဏ် သက်ရောက်မှု ပကတိ သရုပ်မှန် ကို တွေ့တဲ့ အခါ မှာ နျူကလိယပ် ကင်းဆင် တဲ့ ကမ္ဘာကြီး ပေါ်ပေါက်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတဲ့ အတွေးလည်း ဝင်သွား နိုင်ပါတယ် လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဘေး က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၇ဝ က အမေရိကန် ရဲ့ အဏုမြူဗုံးဒဏ်ကြောင့် ဂျပန် လူမျိုး တစ်သိန်းလေးသောင်း သေဆုံးခဲ့ပါတယ်။ သမ္မတ အိုဘားမား ရဲ့ အာရှ ခရီးစဉ် ဟာ မေလ ၂၁ ရက်နေ့ ကနေ ၂ဂ ရက် ဖြစ်ပြီး ဗီယက်နမ် နိုင်ငံလည်း ဝင်မှာ ဖြစ်ပါတယ်။