ဘရားဇီး သမ္မတ ကို စစ်ဆေးဖို့ လွှတ်တော်မှာ မဲခွဲ

ဓာတ်ပုံ မူပိုင် Agencia Senado
Image caption သမ္မတ ရာထူး ကနေ ရက်ပေါင်း ၁၈၀ ကြာ ရပ်ဆိုင်း ခံရမှာ ဖြစ်

ဘရာဇီး နိုင်ငံမှာ သမ္မတ ကို စွတ်စွဲ ကြားနာမှု လုပ်ဖို့ ဆောင်ရွက်နေတာကို တရားရုံးချုပ်က တားဆီး ပေးဖို့ သမ္မတ ဒယ်လ်မာ ရူးဆော့က တောင်းဆို လိုက်ပါတယ်။

ဘရာဇီး အထက်လွှတ်တော်မှာ သမ္မတ ကို စစ်ဆေး ကြားနာမှု သင့်မသင့် မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင် နာရီပိုင်း အလိုမှာ အခုလို တောင်းဆို ခဲ့တာပါ။

အဆိုပါ စွတ်စွဲ ကြားနာမှု ဟာ ဘက်လိုက်မှုတွေ နဲ့ နည်းလမ်း မကျ ကြောင်း သမ္မတ ရူးဆော့ ရဲ့ ရှေ့နေ တွေက ပြောပါတယ်။

အကယ်၍ ဘရားဇီး အထက် လွှတ်တော်မှာ သမ္မတ ရူးဆော့ ကို စစ်ဆေး ကြားနာဖို့ လွှတ်တော် အမတ် တွေက မဲခွဲ ဆုံးဖြတ် ခဲ့မယ်ဆိုရင် သူမ အနေနဲ့ သမ္မတ ရာထူး ကနေ ရက်ပေါင်း ၁၈၀ ကြာ ရပ်ဆိုင်း ခံရမှာ ဖြစ်ပါတယ်။

အစောပိုင်း ကာလမှာ သမ္မတ ဒယ်လ်မာ ရူးဆော့ ကို ထောက်ခံ သူတွေက ဘရာဇီး နိုင်ငံတစ်ဝှန်းမှာ ဆန္ဒပြပွဲတွေ ကျင်းပပြီး လမ်းတွေကို ပိတ်ဆို့ ထားခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ ထားတာ ကြောင့် ဘရာဇီး နိုင်ငံက ပြည်နယ် အတော်များများမှာ အခက်အခဲတွေ ဖြစ်နေပါတယ်။

မနေ့က ဘရာဇီး အောက်လွှတ်တော် ဥက္ကဋ္ဌ က စစ်ဆေးကြားနာမှု အတွက် မဲပေး ဆောင်ရွက်မှု ကို တားမြစ် ခဲ့ပေမယ့် ၂၄ နာရီ မကြာခင် အချိန်မှာပဲ မဲပေးမယ် ဆုံးဖြတ် မယ်လို့ ဆိုကာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင် ခဲ့ပါတယ်။

အရင်တုန်းက ဘရာဇီး အောက်လွှတ်တော် ဥက္ကဋ္ဌ Waldir Maranhao က ဧပြီလ ၁၇ ရက်နေ့က လုပ်ခဲ့တဲ့ မဲပေး ဆုံးဖြတ်ချက်ဟာ လွှတ်တော် ရဲ့ စည်းမျည်းစည်း ကမ်းတွေကို ချိုးဖောက် ခဲ့ကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က ဘရာဇီး အောက်လွှတ်တော်မှာ လွှတ်တော် အမတ် တွေက သမ္မတ ကို စစ်ဆေးကြားနာ ဖို့ အတွက် မဲ အများအပြား ပေးပြီး ထောက်ခံ ခဲ့ကြပါတယ်။

ဘရာဇီး သမ္မတ ဒယ်လ်မာ ရူးဆော့ ဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မတိုင် ခင်မှာ ဘဏ္ဍာရေး လိုငွေ ပြမှု စာရင်းတွေကို တရားမဝင် ပြုပြင် ချယ်လှယ်ခဲ့ကြောင်း စွတ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

သူမ အနေနဲ့ ဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း သမ္မတ ရူးဆော့က ငြင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ