ဘရာဇီးလ် အထက်လွှတ်တော်မှာ သမ္မတကို စုံစမ်းစစ်ဆေးဖို့ ဆွေးနွေး

  • 11 မေ 2016
ဘရာဇီးလ်အထက်လွှတ်တော်မှာဆွေးနွေးနေစဉ်
Image caption ဘရာဇီးလ်အထက်လွှတ်တော်မှာဆွေးနွေးနေစဉ်

ဘရာဇီးလ် အထက်လွှတ်တော်မှာ သမ္မတ Dilma Roussef ကိုပြစ်တင်စွပ်စွဲမှုအတွက် အခြေအတင် ဆွေးနွေးနေကြပါတယ်။ ၂၀၁၄ သမ္မတ အဖြစ်ပြန်အရွေးခံတဲ့အခါမှာ ပြည်သူ့ဘဏ္ဍာငွေ အများကြီးလိုငွေပြနေတာကို တရားမဝင် ဖုံးကွယ်ထားတယ်လို့ Roussefအစွပ်စွဲ ခံနေရတာဖြစ်ပြီး သူကတော့ငြင်းဆိုခဲ့ပါတယ်။

အခုအခါ အထက်လွှတ်တော်အမတ် ၈၁ယောက် မဲပေးကြမှာဖြစ်ပြီး အရေးယူတဲ့ဘက်က ကပ်ပြီး မဲနိုင်ရင်တောင် သမ္မတကို ရာထူးက၆လ အထိ ဆိုင်းငံ့ထားတာ ခံရမှာဖြစ်ပါတယ်။ Brasilia မှာ လုပ်တဲ့ အမျိုးသမီး အခွင့်အရေး ညီလာခံမှာ သမ္မတက သူ့အပေါ် စွပ်စွဲချက်တွေကို ဖြစ်နိုင်တဲ့နည်းတွေ အားလုံးပြီး စွမ်းအားရှိသရွေ့ တိုက်ခိုက်သွားမယ်လို့ သမ္မတကပြောပါတယ်။

ပထမ အောက်လွှတ်တော်မှာနဲ့ အခုအထက်လွှတ်တော်မှာ ဆွေးနွေးနေကြတာဟာ သူ့ကိုရာထူးက ဖယ်ရှားဖို့ အတိုက်အခံတွေက တရားရေးစနစ်ကို အသုံးချပြီး အာဏာသိမ်းဖို့ လုပ်တာလို့ သမ္မတက တုံ့ပြန်ပါတယ်။ ဒီလိုသမ္မတကို စုံစမ်းအရေးယူဖို့ ကိစ္စမှာ ဘယ်လို အကြောင်းပြချက်တွေ ပဲပါဝင်သည် ဖြစ်စေ တိုင်းပြည်မှာ စီးပွားရေး အကျပ်အတည်း ဖြစ်ပြီး အဂတိလိုက်စားတဲ့ အရှုပ်တော်ပုံမှာ အစိုးရက ပါဝင်ပတ်သက်နေလို့ သမ္မတရဲ့ လက်ဝဲယိမ်းတဲ့ ဒီမိုကရက်တစ် အလုပ်သမား ပါတီဟာ တိုင်းပြည်မှာ အလွန်လူကြိုက် နည်းနေပါတယ်။

တကယ်လို့ သမ္မတကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ရင်တော့ သူ့နေရာမှာ ဒုတိယသမ္မတ Michel Temer က စုံစမ်း စစ်ဆေးမှုပြီးတဲ့အထိ တာဝန်ယူ ရမှာဖြစ်ပါတယ်။ အဲဒီလို စုံစမ်း စစ်ဆေးရေးလုပ်ဖြစ်ရင် သမ္မတက သူ့ရဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းရမှာဖြစ်ပြီး နောက်တနေ့မှာ ဒုတိယသမ္မတက အာဏာလွှဲပြောင်း ယူကာအစိုးရအသစ်ဖွဲ့ရမှာဖြစ်ပါတယ်။ အခုလိုစုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်တာဟာ နိုင်ငံရေးအရ တိုက်ခိုက်တဲ့အတွက် တရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့ ဘရားဇီးလ်ရှေ့နေချုပ်က တောင်းဆိုပေမယ့် တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့က အယူခံကို ပယ်ချလိုက်ပါတယ်။။

ဒီသတင်းနဲ့ပတ်သက်သမျှ