အီရတ် ကားဗုံးပေါက်ကွဲမှု အနည်းဆုံး လူ ၆၀ သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရှီယာ မွတ်စလင် အများစု နေထိုင် တဲ့ Sadr မြို့နားမှာ ပေါက်ကွဲမှု ဖြစ်ပွား

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြောက်ပိုင်း က လူစည်ကားရာ ဈေးတစ်ခုမှာ ကားဗုံး ပေါက်ကွဲ ခဲ့လို့ အနည်းဆုံး လူ ၆၄ ဦး သေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ရှီယာ မွတ်စလင် အများစု နေထိုင် တဲ့ Sadr မြို့နားမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က သူတို့ရဲ့ လက်ချက် ဖြစ်ကြောင်း ကြေညာ ပါတယ်။

အီရတ် အနောက်ပိုင်း နဲ့ မြောက်ပိုင်း ဒေသ က ဆွန်နီ မွတ်စလင်တွေဟာ မကြာခဏ ရှီယာ မွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လေ ရှိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေ ထဲမှာ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး အချို့ဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်း အီရတ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကားဗုံးပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အဆောက်အဦ အချို့နဲ့ ကားတွေလည်း ပျက်စီး ခဲ့ရပါတယ်။

သစ်သီးဝလံတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ပေါက်ကွဲ ခဲ့တာ ဖြစ်ကြောင်း မျက်မြင် တွေ့ရှိခဲ့သူ တစ်ဦးက ပြောပါတယ်။

အစ္စလာမစ် နိုင်ငံ IS အဖွဲ့က လူစည်ကားရာ နေရာတွေ နဲ့ အစိုးရ အဆောက်အဦ တွေကို မကြာခဏ ပစ်မှတ်ထားပြီး တိုက်ခိုက်လေ့ရှိပါတယ်။

အမေရိကန် နဲ့ မဟာမိတ် အဖွဲ့တွေက စစ်ရေးကူညီမှုတွေ ပေးနေတဲ့ အီရတ် စစ်တပ် က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး အချို့ဒေသတွေကို IS လက်ထဲ ကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပေမယ့် ဗုံးခွဲ တိုက်ခိုက်မှုတွေ ကိုတော့ တားဆီး နိုင်ခြင်း မရှိသေးဘူး ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ