Fatma Samoura ကို ဖီဖါအဖွဲ့ အတွင်းရေးမှူးချုပ်ခန့်

_fatma_samoura_fifa_ ဓာတ်ပုံ မူပိုင် AFP
Image caption FIFA အတွင်းရေးမှူးချုပ်သစ် Fatma Samoura

ပြီးခဲ့တဲ့ နှစ် က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖါ မှာ အဂတိ လိုက်စားမှု နဲ့ စွပ်စွဲ ခံရတဲ့ အတွင်းရေးမှူးချုပ် Jerome Valke ကို ဒီ နှစ်ဆန်းပိုင်း က ရာထူး က ဖယ်ရှား ပစ်လိုက်တဲ့ နောက် မှာ ဆီနီဂေါ နိုင်ငံ မှ ကုလသမဂ္ဂ အရာရှိ Fatma Samoura နဲ့ အစားထိုး ခန့်အပ်လိုက်ပါပြီ။ အဲဒီ အတွက် အမျိုးသားတွေ ကြီးစိုး တဲ့ ဘောလုံးအားကစား လောက ဖီဖါ မှာ ပထမဆုံး အမျိုးသမီး ထိပ်တန်း အရာရှိ တဦး နေရာ ရသွားပါပြီ။

Fatma Samoura ဟာ လောလောဆယ် မှာ နိုင်ဂျီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်းဆိုင်ရာ ကူညီ စောင့်ရှောက် တဲ့ အဖွဲ့ ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဖြစ်ပါတယ်။ အသက်၅၄ နှစ်ရွယ် Fatma Samoura ဟာ ကုလသမဂ္ဂ အဖွဲ့ချုပ် မှာ အမှုထမ်း နေတာ ၂၁ နှစ် ရှိပါပြီ။ နိုင်ငံပေါင်း ခြောက်နိုင်ငံ မှာ ဌာနေ ဒါရိုက်တာ တာဝန် တွေ ထမ်းဆောင် ခဲ့သူပါ။

မဟာဝိဇ္ဇာ ဘွဲ့တွေ ကို ပြင်သစ်နိုင်ငံ မှာ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ ဘာသာရပ်တွေ နဲ့ ယူခဲ့ပြီး ပြင်သစ်၊ စပိန်၊အင်္ဂလိပ် နဲ့ အီတာလျံ ဘာသာ စကား ကို ကျွမ်းကျင် စွာ ပြောတတ်သူပါ။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ကို ရှစ်နှစ် လုပ်ကိုင်ခဲ့ ပြီး မှ ကုလသမဂ္ဂ မှာ အမှုထမ်း လို့ လူမှုဆက်ဆံရေး၊ စီးပွားရေး အမြင် ရှိသူ ဖြစ်ပါတယ်။

Fatma Samoura ကို ဖီဖါ ရဲ့ အတွင်းရေးမှူးချုပ် ခန့်အပ်လိုက်တာ ကို မက္ကစီကို စီးတီး မြို့တော် မှာ ကျင်းပ တဲ့ ၆၆ ကြိမ်မြောက် ဖီဖါ ညီလာခံမှာ ဥက္ကဌ Gianni Infantino က ကြေညာ လိုက်တာပါ။

Fatma Samoura ဟာ ကုလသမဂ္ဂ မှာ ၂၁ နှစ် တာဝန်ထမ်းဆောင်တဲ့ အမျိုးသမီး ဖြစ်တဲ့ အတွက် အဖွဲ့အစည်း ကြီးကြီး မားမား တွေ ကို ဦးဆောင်နိုင်သူ ဖြစ်တဲ့ အကြောင်း၊ ဘတ်ဂျက်ငွေ အလုံးအရင်း၊ လူသား အရင်းအမြစ်၊ ဝန်ထမ်း နဲ့ ငွေကြေး ကိစ္စ အဝဝ ကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် တတ်သူ ဖြစ်တဲ့ အတွက် ဖီဖါ အဖွဲ့အတွင်း ကို လည်း ပြင်ပ က အတွေးအမြင်သစ် အရှုပ်တော်ပုံ ကင်းဆင်တဲ့ မူဝါဒ တွေ ကို ဆောင်ကျဉ်း ပေးနိုင်သူ ဖြစ်ပါတယ် လို့ မိတ်ဆက် စကား ပြောပါတယ်။ အတွင်းစည်းထဲ က ပုဂ္ဂိုလ် မဟုတ်တဲ့ အတွက် ဖီဖါ ရဲ့ အနာဂတ် ကို မှန်ကန်တဲ့ လမ်းကြောင်း ပေါ် တင်ပေးနိုင်သူ ဖြစ်လာ မှာပါ လို့ လည်း ပြောပါတယ်။

Fatma Samoura ဟာ အတွင်းရေးမှူးချုပ် တာဝန် ကို လာမဲ့ ဇွန်လ မှာ လွှဲပြောင်း ယူမှာပါ။ သူကိုယ်တိုင် လည်း ဒီရာထူး ဟာ သူကျွမ်းကျင်တဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ နည်းဗျူဟာတွေ ကိုနိုင်ငံတကာ အတွေ့အကြုံ တွေ နဲ့ ပေါင်းစပ် လုပ်ကိုင်မှာ မို့ စိတ်အား ထက်သန်နေပါတယ် လို့ ဆိုပါတယ်။