ပြင်သစ်မှာ ကာယိန္ဒြေပျက်အောင် လုပ်သူကို အရေးယူဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ပြောစကားနဲ့ စော်ကားတာတွေကို သည်းခံခဲ့ရတယ်လို့ဆို

ပြင်သစ် နိုင်ငံရေးလောကမှာ အမျိုးသမီးတွေကာယိန္ဒြေ ပျက်အောင် လုပ်မှုနဲ့အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံ တာတွေကို ရပ်ဆိုင်းအောင် ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြင်သစ်နိုင်ငံက အမျိုးသမီး ဝန်ကြီးဟောင်း ၁၇ယောက်တို့က လက်မှတ် ရေးထိုး တောင်းဆို ခဲ့ကြပါတယ်။

ပြင်သစ်လွှတ်တော် ဒုတိယ ဥက္ကဌကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံရ ပြီးနောက်မှာ အခုလိုတောင်းဆိုကြတာဖြစ်ပါတယ်။

ပြင်သစ် ဝန်ကြီးဟောင်း အမျိုးသမီး ၁၇ ယောက် တို့က နိုင်ငံရေးလောကထဲကို အမြင် အမျိုးမျိုးနဲ့ ဝင်လာကြပေမယ့်အခုတော့ နိုင်ငံရေးလောကမှာ အမျိုးသမီး တွေကို လိင်ပိုင်း ဆိုင်ရာ စော်ကားတာတွေကိုအရေးမယူတဲ့ ပြဿနာအဆုံးသတ်ဖို့ တညီတညွတ်ထဲ စည်းလုံးခဲ့ကြပါတယ်။

အမျိုးသားတွေအများစုကြီးစိုးတဲ့နိုင်ငံရေးလောကထဲမှာ သူတို့အနေနဲ့အနှိမ်ခံရတာတွေ၊ ပြောစကားနဲ့ စော်ကားတာတွေကို သည်းခံခဲ့ရတယ်လို့ဆိုပါတယ်။

အခုလို လက်မှတ်ရေးထိုး တောင်းဆို တဲ့ထဲက အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝန်ကြီးဟောင်း အီဗက်ရိုဒီက ပြင်သစ် ရုပ်သံတခုမှာ သူတို့အပေါ် အထင်သေး အမြင်သေး ဖြစ်လို့အခုလိုတုံ့ပြန်တာလို့ပြောပါတယ်။

ပြင်သစ်လူ့အဖွဲ့အစည်းမှာ အမျိုးသမီး ၅ယောက်မှ ၁ ယောက်က တနည်း နည်းနဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရတယ်လို့ ဒီအဖွဲ့ကပြောပါတယ်။

ပြီးတော့ ဒီလို ခံရတဲ့သူတွေ အနေနဲ့ အသေအချာ ထုတ်ပြော ဖို့နဲ့ အမှုတွေ ပိုတိုင်တန်း လာအောင် ဥပဒေကိုတွေကို လည်း ထိရောက်အောင် တင်းကြပ်ဖို့ တောင်းဆိုပါတယ်။

ပြီးခဲ့တပတ်က ဝါရင့်နိုင်ငံရေးသမား Denis Baupin က လိင်ပိုင်း စော်ကားတဲ့ တိုင်တန်းမှုဖြစ်ခဲ့သလို၊ လွန်ခဲ့တဲ့၅နှစ်ကလည်း IMF အကြီးအကဲ Struss Khan ရဲ့အရှုပ် တော်ပုံကြောင့် အခြားနေရာတွေမှာ လက်မခံနိုင်တဲ့ အပြုအမူမျိုးကို ပြင်သစ် အမျိုးသား နိုင်ငံရေးသမားတွေက အခွင့်အရေးယူနေဆဲဖြစ်တယ်လို့ ပဲရစ်မြို့မှာ ရောက်နေတဲ့ ဘီဘီစီသတင်းထောက် Hugh Schofield က သတင်း ပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ