အိန်ဂျလီနာ ဂျိုလီပစ် ဒုက္ခသည်အရေး ပြောဆို

  • 16 မေ 2016
refugees ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားစစ်ပြေး ဒုက္ခသည် စခန်းတခု မြင်ကွင်း

တစ်ကမ္ဘာလုံးမှာ ဒုက္ခသည် တွေရဲ့ အခြေအနေတွေဟာ ယိုယွင်း နေကြောင်း ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များ ဆိုင်ရာ အထူး ကိုယ်စားလှယ် အိန်ဂျလီနာ ဂျိုလီ ပစ် က ပြောကြား လိုက်ပါတယ်။

လတ်တလောမှာ ဖြစ်ပွား နေတဲ့ စစ်ပွဲတွေကြောင့် တစ်ကမ္ဘာလုံးမှာ မကြုံစဘူး တဲ့ အရေအတွက် နဲ့ ဒုက္ခသည် အများအပြားဟာ နေရာရွှေ့ပြောင်း နေထိုင် နေကြရကြောင်း ဘီဘီစီ ရဲ့ အထူး အစီအစဉ် ဖြစ်တဲ့ World on the Move အစီအစဉ်မှာ သူမက ပြောကြား ခဲ့ပါတယ်။

ဒုက္ခသည် အရေးကိစ္စတွေ ဆောင်ရွက် ဖို့ အတွက် အိန်ဂျလီနာ ဂျိုလီ ပစ် ဟာ ၁၅ နှစ် အတွင်းမှာ နိုင်ငံပေါင်း ငါးဆယ် ကျော် ကို သွားရောက် ခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ တစ်ဝှန်း က အစိုးရ အဖွဲ့ တွေ အနေနဲ့ ဒုက္ခသည်များ အရေးမှာ အခြေခံ ကျတဲ့ ပြဿနာ ရင်းမြစ်တွေကို ဖြေရှင်း ရာမှာ ဦးဆောင် ကြဖို့ ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။

World On The Move ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတဝှမ်း နိုင်ငံရွှေ့ပြောင်းသူတွေရဲ့ အကြောင်းနဲ့ အဲဒီလို နိုင်ငံရွှေ့ပြောင်းသူတွေကြောင့် ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာသလဲ ဆိုတဲ့အကြောင်း အထူး အစီအစဉ်တွေကို ဘီဘီစီ အသံလွှင့်ဌာနကနေ အထူး ထုတ်လွှင့်ခဲ့ပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Angelina Jolie Pitt ၊ ဗြိတိန်နိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲချုပ် Richard Dearlove တို့အပါအဝင် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ် အတော်များများက နိုင်ငံရွှေ့ပြောင်း သူတွေနဲ့ ပတ်သက်လို့ စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လုံခြုံရေးနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်မှုတွေ ဆိုင်ရာ အတွေးအခေါ် တွေကို ဘယ်လို ပြောင်းကြမလဲ ဆိုတဲ့ အရေးအပါဆုံး ကိစ္စရပ်တွေကို ပြောသွား ခဲ့ပါတယ်။

အကူအညီ အလိုအပ်ဆုံး သူတွေကို ဒုက္ခသည်အဖြစ် ကြားနေနိုင်ငံ တခုကနေ ခိုလှုံခွင့် ပေးပြီး နေရင်းနိုင်ငံကို ပြန်ပို့ပေးတဲ့ စနစ်ကို အရင်က သုံးခဲ့ပေမယ့် အခုအချိန်မှာ ဒီစနစ်အလုပ်မဖြစ်တော့ပါဘူး။ ဒါဟာ ပဋိပက္ခ စစ်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ သူအရေအတွက် အဆမတန် များလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ Angelina Jolie Pitt က ပြောသွားပါတယ်။

တူရကီ၊ ပါကစ္စတန် လက်ဘနွန်၊ အီရန်၊ အီသီယိုပီးယားနဲ့ ဂျော်ဒန် နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေ ရဲ့ အခြေအနေကို Angelina Jolie Pitt က မီးမောင်းထိုး ပြောသွားခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေဟာ ဒုက္ခသည် ပြဿနာ အချက်အချာ နေရာ မဟုတ်သလို အနစ်နာခံရဆုံး နိုင်ငံတွေလည်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရွှေ့ပြောင်း အခြေချသူတွေကြောင့် စိုးရိမ် ထိတ်လန့်တာမျိုး မဖြစ်ကြဖို့နဲ့ အခုချိန်ဟာ ကမ္ဘာ့နိုင်ငံတွေ အချင်းချင်း တသက်မှာ တခါ ရိုင်းပင်းကူညီကြရမယ့် အချိန် ဖြစ်တယ်လို့ Angelina Jolie Pitt ကတိုက်တွန်းပြောသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီကလည်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ခွဲဝေတာဝန်ယူ နေရာချထားကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် နောက်ထပ် ကမ္ဘာ့နိုင်ငံတွေက ငွေကြေး အကူအညီတွေ ထပ်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ဒါပေမယ့် ငွေကြေး အကူအညီတင်မက ဥပမာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ စခန်းတွေ၊ လူသားချင်း အကူအညီပေးနိုင်တဲ့ နေရာတွေ ထောက်ပံ့ပေးကြဖို့လည်း လိုပါတယ်။ မနှစ်ကဆိုရင် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် သန်း ၂ဝ ရှိခဲ့ပါတယ်။ ဒီအထဲမှာ တခြားနိုင်ငံတွေမှာ ခိုလှုံခွင့် ရတဲ့ အရေအတွက်က နှစ်သိန်း လောက်ပဲ ရှိတာမို့ ရာခိုင်နှုန်းအနေနဲ့ ဆိုရင် ၁ရာခိုင်နှုန်းတောင် မရှိပါဘူးလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောသွားပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်အရေး ပြဿနာဟာ အခုအခါ ကမ္ဘာတဝှမ်းနဲ့ ဆိုင်တဲ့ အရေးကိစ္စ ဖြစ်လာပြီလို့လည်း သူက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ