လစ်ဗျား အစိုးရကို နိုင်ငံတကာက လက်နက်ကူညီမယ်

  • 16 မေ 2016
libya_talks
Image caption လစ်ဗျား နိုင်ငံကို လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ အထောက်အပံ့တွေလည်း ပေးကြဖို့ ကမ္ဘာ့ နိုင်ငံတွေကို ဝန်ကြီး ကယ်ရီက တိုက်တွန်း။

လစ်ဗျား နိုင်ငံထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် နေတဲ့ ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု လစ်ဗျား အစိုးရကို လက်နက် တပ်ဆင် ပေးမယ်လို့ အမေရိကန် အပါအဝင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ပြောပါတယ်။

ဒီ အစီအစဉ်ထဲ နိုင်ငံပေါင်း ၂၅ နိုင်ငံ ပါဝင်မှာ ဖြစ်ပါတယ်။

လစ်ဗျား နိုင်ငံဆီ လက်နက် မတင်ပို့ရဘူး ဆိုတဲ့ ကုလသမဂ္ဂက ချမှတ် ထားတဲ့ ကန့်သန့်ချက် ရှိနေပေမယ့်၊ ဘယ်လို ကိစ္စတွေမှာ အသုံးပြုဖို့ ဆိုတဲ့ အချက်မျိုး အပါအဝင် တိတိကျကျ အဓိပ္ပာယ် သတ်မှတ်ပြီး ခြွင်းချက် အနေနဲ့ လက်နက် ခဲယမ်း မီးခြောက်တွေကို လစ်ဗျား အစိုးရကို ထောက်ပံ့မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။

ဒါ့အပြင် လစ်ဗျား နိုင်ငံကို လူသားခြင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေလည်း ပေးကြဖို့ ကမ္ဘာ့ နိုင်ငံတွေကို ဝန်ကြီး ကယ်ရီက တိုက်တွန်း ခဲ့ပါတယ်။

အခုလို လစ်ဗျား အစိုးရကို လက်နက် ထောက်ပံ့ရေး သဘောတူညီမှုကို ဗီယာနာမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံရဲ့ အစည်းအဝေးကနေ သဘောတူညီ လိုက်တာ ဖြစ်ပါတယ်။

လစ်ဗျား ဝန်ကြီးချုပ် ဖိုင်ရပ်ဇ် အယ်လ်ဆာရပ်ဂျ် ကလည်း သူ့အစိုးရ အနေနဲ့ နိုင်ငံတွင်း အကြမ်းဖက်ဝါဒကို အောင်အောင်မြင်မြင် ချေမှုန်းနိုင်ဖို့ နိုင်ငံခြား အကူအညီ အထောက်အပံ့တွေ ရရှိဖို့ အရေးတကြီး လိုအပ်နေပြီး၊ IS အဖွဲ့ဟာ အဓိက အန္တရာယ်ပေး ခြိမ်းခြောက် နေတဲ့ အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ ဗိုလ်မှုးကြီး ကဒါဖီ ပြုတ်ကျ ခဲ့တဲ့ နောက်ပိုင်း အုပ်စု ဂိုဏ်းခွဲ အမျိုးမျိုးကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ လစ်ဗျား နိုင်ငံမှာ ကုလသမဂ္ဂက ကျောထောက် နောက်ခံပြု ထားတဲ့ ညွန့်ပေါင်း အစိုးရ တစ်ရပ် ပေါ်ပေါက် လာပြီး သူတို့ရဲ့ အုပ်ချုပ်ရေး အာဏာစက် တတိုင်းပြည်လုံး အနှံ့ တည်ဆောက်နိုင်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ