စက်တင်ဘာ ၁၁ရက်အကြမ်းဖက်မှု ဆော်ဒီအစိုးရကို တရားစွဲနိုင်တော့မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption စက်တင်ဘာ ၁၁ရက် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း လူ ၃ထောင်နီးပါး သေဆုံးခဲ့

အမေရိကန်နိုင်ငံ New York နဲ့ ဝါရှင်တန် မြို့တွေမှာ စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ဆော်ဒီ အာရေဗျ အစိုးရကို တရားစွဲပိုင်ခွင့် ရှိမယ့် ဥပဒေကြမ်းတခုကို အမေရိကန် ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တကယ်လို့ ဒီဥပဒေ အတည်ဖြစ်မယ် ဆိုရင် ဆော်ဒီအာရေဗျ အစိုးရက အမေရိကန် စီးပွားရေး လုပ်ငန်းတွေကနေ ဒေါ်လာ ဘီလျံပေါင်းများစွာ ပြန်ရုတ်သိမ်းသွားမယ့် အခြေအနေ ရှိနေပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးစရာနည်းတွေအများကြီး ရှိပေမယ့် သမ္မတ အိုဘားမား အစိုးရအနေနဲ့ ကွန်ဂရက်စ် လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေးဖို့ကိုတော့ စိတ်ထက်သန်နေတယ်လို့ ပြောပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ် ဆိုတာကို အောက်လွှတ်တော်မှာ ဒီမိုကရက်တ်စ် ပါတီဘက်ကရော ရီပတ်ဘလစ်ကန် ပါတီ ဘက်ကပါ ထုတ်ဖော် ပြောထားခဲ့ကြကြောင်း၊ဒါ့ကြောင့် ဒီဥပဒေကြမ်း အတည်ဖြစ်လာခဲ့မယ် ဆိုရင် ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ ပါတီနှစ်ရပ်စလုံးအတူ ဆွေးနွေး ပြောဖို့ အခွင့်အလမ်းတရပ် ရှိနေကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က ပြောသွားပါတယ်။

၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း လူ ၃ထောင်နီးပါး သေဆုံးခဲ့ပါတယ်။

လေယာဉ် ပြန်ပေးဆွဲခဲ့သူ ၁၉ဉီးထဲမှာ ၁၅ဉီးက ဆော်ဒီနိုင်ငံသားတွေ ဖြစ်ပါတယ်။

ဆော်ဒီ အစိုးရကတော့ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။