ဗင်နီဇွဲလား သမ္မတကို အတိုက်အခံခေါင်းဆောင် ဝေဖန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးဖို့ ကြံနေကြတယ်လို့ သမ္မတ မက်ဒူရိုပြော

ဗင်နီဇွဲလား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ နီကိုလက်စ် မက်ဒူရို ကို အတိုက်အခံ ခေါင်းဆောင် အောန်ရီကေး ကက်ပရီလက်စ် က ဝေဖန် ပြောဆိုလိုက်ပြီး သမ္မတ မက်ဒူရိုနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြား တခုခုကို ရွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံ့ စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းရာမှာ အဲဒီ အရေးပေါ် ကြေညာချက် အမိန့်ဒီခရီကြောင့် သမ္မတ မက်ဒူရိုမှာ လုပ်ပိုင်ခွင့် အာဏာ ပိုရသွားတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ မစ္စတာ ကက်ပရီလက်စ်က ပြောပါတယ်။

နောက်ပိုင်းမှာတော့ အမျိုးသား ညီလာခံက ဒီ အမိန့်ဒီခရီကို ကန့်ကွက် ပယ်ချခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီကန့်ကွက်မှုဟာ သမ္မတ မက်ဒူရိုကို တားဆီးနိုင်မယ့်ပုံ မရှိဘူးလို့ အကဲခတ်တွေက ပြောပါတယ်။

ဗင်နီဇွဲလား နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မကြုံစဖူး တိုက်ခိုက်မှုတွေ ရှိလာနေတဲ့အတွက် ဒီအမိန့်ဒီခရီ လိုအပ်တယ်လို့ သမ္မတ မက်ဒူရိုက အခိုင်အမာ ပြောနေပါတယ်။

ဗင်နီဇွဲလား နိုင်ငံမှာ နိုင်ငံခြား တပ်ဖွဲ့တွေ ချထားဖို့ နဲ့ သူ့ကို ရာထူးကနေ ဖြုတ်ချဖို့ အကွက်ချ ကြံစည်မှုတွေကို အမေရိကန် အစိုးရက ဉီးဆောင် လုပ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ပြည်ပကနေ ဝင်ရောက် ကျူးကျော် စွက်ဖက်နိုင်ဖို့အတွက် နိုင်ငံတွင်း မတည်မငြိမ် ဖြစ်အောင် နိုင်ငံရေး သမားတွေနဲ့ ပြည်ပက မီဒီယာ သမားတွေက ကြိုးစားနေကြတယ်လို့ သမ္မတ မက်ဒူရိုက ပြောသွားပါတယ်။