ဗင်နီဇွဲလားမှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ မက်ဒူရိုရဲ့ ပေါ်လစီတွေကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာ ဆန္ဒပြနေကြ

ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တော်မှာ ထောင်နဲ့ ချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ကြပါတယ်။

နိုင်ငံစီးပွားရေး အကြပ်အတည်း ဖြစ်နေတာဟာ သမ္မတ နီကိုလက်စ် မက်ဒူရိုရဲ့ ဆိုရှယ်လစ်အစိုးရလက်ချက်ကြောင့် ဖြစ်တယ်ဆိုပြီး အတိုက်အခံတွေက ပြစ်တင်နေကြတာပါ။

ဆန္ဒပြသူ အတော်များများကို ရဲတွေက ဖမ်းဆီးခဲ့ပြီး ရွေးကောက်ပွဲ ကောင်စီ ရုံးချုပ်ဆီ ဆန္ဒပြသူတွေ မချီတက်နိုင်အောင် လမ်းတွေကို ပိတ်ဆို့ထားလိုက်ပါတယ်။

လူထု ဆန္ဒခံယူပွဲ ခေါ်ယူပြီး သမ္မတ မက်ဒူရိုကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံတွေက ကြိုးစားနေကြပေမယ့် အာဏာပိုင်တွေက လုပ်ခွင့် မပေးခဲ့ပါဘူး။

ဗင်နီဇွဲလားနိုင်ငံမှာ အခြေအနေတွေ အကြီးအကျယ် တင်းမာနေတယ်လို့ ကာရာကက်စ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။