ဇီကာပိုး အာဖရိကကို ရောက်လာပြီ

  • 21 မေ 2016
Image caption ခြင်ကကူးတဲ့ ဇီကာဟာ ကိုယ်ဝန်ဆောင်တွေကို အဓိက ခြိမ်းခြောက်

ဘရာဇီးမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကူးစက်ပြီး ဝမ်းထဲက သန္ဓေသားတွေကိုပါ ထိခိုက်စေခဲ့တဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး အာဖရိက ကိုရောက်နေပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ဒဗလျူအိပ်ချ်အိုက ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။ တွေ့တာကတော့ အာဖရိက အနောက်ဖက်ခြမ်းက ကိပ်ဗာ့ဒ်ဆိုတဲ့နိုင်ငံမှာ ဖြစ်ပါတယ်။ ဒဗလျူအိပ်ချ်အိုရဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရ အဲဒီမှာတွေ့ရတဲ့ ဇီကာပိုးအမျိုးအစားဟာ ဘရာဇီးမှာ မွေးလာတဲ့ ကလေးတွေကို ခေါင်းအဆမတန်သေးနေစေခဲ့တဲ့ ပိုးမျိုးနဲ့အတူတူပဲလို့ဆိုပါတယ်။ ကူးစက်ခံရသူပေါင်း ၇၀၀၀ ကျော်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၁၈၀ကျော်မှာ ကူးစက်နေကြောင်း တွေ့ခဲ့ရပါတယ်။ အခုအထိ ကလေးသုံးယောက်ဟာ ဦးနှောက်ထိခိုက်ပျက်စီးပြီး မွေးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လက်တင်အမေရိကကနေ ဇီကာဗိုင်းရပ်စ်ဟာ အခုအာဖရိကတိုက်ရဲ့ တံခါးပေါက်ဝကို ကိုရောက်လာပြီး အာဖရိက တစ်ခုလုံးဆီ ရောက်သွားစရာ ရှိနေတယ်လို့ ဒဗလျူအိပ်ချ်အို အာဖရိကဒေသ ညွှန်ကြားရေးမှူး မာရှီဒီဆိုး မိုတီက ဆိုပါတယ်။ "ဆီနီဂေါလို နိုင်ငံတွေက ကိပ်ဗာ့ဒ်ကိုလာတဲ့ လူတွေအများကြီးရှိတယ်၊ တခြားအာဖရိကနိုင်ငံတွေကလည်း ဝင်ထွက်သွားလာနေတော့ နိုင်ငံအများကြီးကို ပြန့်သွားမှာ စိုးရိမ်စရာ ရှိနေပါတယ်။ ဒါကြောင့် အာဖရိကက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာအန္တရာယ်ကို သိနားလည်ဖို့ ခြင်ကိုက်မခံရအောင်ကာကွယ်ဖို့ အရေးပေါ်လုပ်ဆောင်ပေးရမယ်" လို့ သူက ပြောပါတယ်။ အမေရိကားကိုလည်း ရောက်နေပြီ ဇီကာပိုးဟာ အမေရိကားကိုလည်း ကူးစက်လို့ အခုဆို ကိုယ်ဝန်ဆောင် ၁၅၇ ဦးမှာ ပိုးတွေ့ခဲ့ရတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒါကြောင့် ဇီကာကာကွယ်ရေးအတွက် ဒီနှစ်ဆန်းက သမ္မတ အိုဘားမားက ဘဏ္ဍာငွေ ဒေါ်လာသန်း နှစ်ထောင်နီးပါး ချပေးဖို့ ကွန်ဂရက် လွှတ်တော်ကိုတောင်းဆိုခဲ့ပေမယ့် အခုအထိ သန်း ၅၉၀ ပဲချပေးတာကိုလည်း သမ္မတက ဝေဖန်ခဲ့ပါတယ်။ "ကွန်ဂရက်က တောင်းထဲ့ငွေ သုံးပုံတစ်ပုံပဲချပေးတယ်၊ ဒါကလည်း အီဘိုလာအတွက် ဖယ်ထားတဲ့ ရန်ပုံငွေထဲက ပေးတာဖြစ်နေတယ်။ ပေါ်လ်ကို ပေးစရာရှိတာကို ပီတာ့ဆီက လုယူပြီးပေးသလို ဖြစ်နေတယ်" လို့ သမ္မတက ပြောပါတယ်။ မစ္စတာအိုဘားမားက ဇီကာကို တံတိုင်းဆောက်ပြီး ကာကွယ်လို့လဲ မရ၊ ခြင်ဆိုတာကလည်း အကောက်ခွန်ဂိတ်ကို ဖြတ်တာလည်း မဟုတ်တော့ တစ်ဦးချင်းစီက အသိနဲ့ ကာကွယ်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။ ဒဗလျူအိပ်ချ်အိုကလည်း ဇီကာပိုးဟာ လပိုင်းအတွင်းမှာပဲ ဥရောပကိုလည်း ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ