တာလီဘန် ခေါင်းဆောင် သေဆုံးကြောင်း အာဖဂန် အတည်ပြု

ဓာတ်ပုံ မူပိုင် AFP
Image caption မူလာ အက်တာ မန်ဆူး သေဆုံး ခဲ့ကြောင်း အာဖဂန် နစ္စတန် တာဝန်ရှိသူတွေက အတည်ပြု

အမေရိကန် နိုင်ငံ က ပြုလုပ် တဲ့ မောင်းသူမဲ့ လေယာဉ် ဒရုန်း နဲ့ တိုက်ခိုက်မှု အတွင်း တာလီဘန် ခေါင်းဆောင် မူလာ အက်တာ မန်ဆူး သေဆုံး ခဲ့ကြောင်း အာဖဂန် နစ္စတန် တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။

အာဖဂန် နစ္စတန် နဲ့ ပါကစ္စတန် နိုင်ငံတို့ ရဲ့ နယ်စပ် တစ်နေရာမှာ တာလီဘန် ခေါင်းဆောင် မူလာ မန်ဆူး ကို သုတ်သင် နိုင်ခဲ့ပြီလို့ ယူဆရ ကြောင်း အမေရိကန် တာဝန် ရှိသူ တွေက အစောပိုင်း ကာလမှာ ပြောကြား နေတာ ဖြစ်ပါတယ်။

မူလာ မန်ဆူး ဟာ ပါကစ္စတန် မှာ ရှိတဲ့ အမေရိကန် အမှုထမ်း တွေရဲ့ အသက် အန္တရာယ် ကို ခြိမ်းခြောက် နေသူ ဖြစ်ပြီး ပါကစ္စတန် နိုင်ငံသား တွေ ရဲ့ လုံခြုံရေး ကို လည်း ခြိမ်းခြောက် နေသူ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောပါတယ်။

ဒရုန်း တိုက်ခိုက်မှု အစီအစဉ် ပြီးတော့မှ သူတို့ကို အမေရိကန် ဘက်က အသိပေး ခဲ့ကြောင်း အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန် နိုင်ငံ တာဝန် ရှိသူတွေက ပြောကြားနေပါတယ်။

အက်က်တာ မန်ဆူး သေဆုံးသွားတာဟာ တာလီဘန်အဖွဲ့အတွက် အထိနာမှုကြီးတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တာလီဘန် အဖွဲ့ကို ဉီးဆောင်လာခဲ့တဲ့ မန်ဆူးဟာ သူ့အရင် ခေါင်းဆောင် မူလာ မိုဟာမက်ဒ် အိုမာရဲ့ သားတဉီးနဲ့ ညီတဉီး အပါအ၀င် တခြား တာလီဘန် ထိပ်တန်း ခေါင်းဆောင်တွေကို သူ့ရဲ့ ထိန်းချုပ်မှုအောက်ထဲ ဆွဲသွင်းခဲ့သလို အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေ အပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ရင်း တာလီဘန် အဖွဲ့အပေါ် တဖြည်းဖြည်း ချုပ်ကိုင်လာခဲ့တာပါ။

အက်က်တာ မန်ဆူး ရဲ့ ခေါင်းဆောင်မှုအောက်မှာ တာလီဘန်အဖွဲ့ဟာ အရေးပါတဲ့ မြို့တမြို့ကို နှစ်ပေါင်း ၁၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မနှစ်တုန်းက သိမ်းယူလိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် တာလီဘန် အဖွဲ့ကနေ ခွဲထွက်ပြီး သူ့ခေါင်းဆောင်မှုပိုင်းကို စိန်ခေါ်ခဲ့တဲ့ မူလာ မူဟာမက်ဒ် ရာဆူးလ်ရဲ့ ခွဲထွက် အဖွဲ့ကိုလည်း နှုတ်ဆိတ်သွားအောင် အက်က်တာ မန်ဆူးက လုပ်နိုင်ခဲ့ပြီး တာလီဘန် တွေ ထိန်းချုပ်ရာဒေသမှာ IS အစ္စလာမစ်နိုင်ငံ ဆိုတဲ့ အဖွဲ့တွေ အခြေမစိုက်နိုင်အောင် ဟန့်တားနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ နောက်လိုက်တွေက အကြီးအကျယ် ချီးကျူး လေးစားခဲ့ကြပါတယ်။

သူဟာ ပါကစ္စတန် အစိုးရနဲ့ နီးစပ်တဲ့သူ၊ စိတ်ဓါတ်ပြင်းထန်ပြီး လက်တွေ့ဆန်သူအဖြစ် အများက မြင်ကြပါတယ်။

ဒီအရည်အချင်းတွေကြောင့် အာဖဂန် အစိုးရနဲ့ တာလီဘန်အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နိုင်လာမယ်လို့ မျှော်လင့်ချက်တွေ ပေါ်ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း တကယ်တမ်းမှာ မန်ဆူးဟာ ပြီးခဲ့တဲ့ ၁၀လတာ ကာလအတွင်း ပြိုင်ဘက် ရန်သူကို တိုက်ရင်း သူ့ခေါင်းဆောင်မှုပိုင်းကို ပိုခိုင်မာအောင် လုပ်ခဲ့တာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နေနေသာသာ တိုက်ခိုက်မှုတွေ ပိုလုပ်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေသာ ပိုတိုးလာခဲ့ပါတယ်။

ဒါ့ကြောင့် မန်ဆူး ကို လုပ်ကြံ သတ်ဖြတ်လိုက်ရင် ငြိမ်းချမ်းရေး ကိစ္စ ပိုအဆင်ပြေလာမလား ဆိုပြီးတော့တောင် ငြိမ်းချမ်းရေး ကြားဝင် ဆောင်ရွက်နေသူတွေအတွက် မေးစရာ ဖြစ်လာခဲ့ရပါတယ်။

မူလာ အိုမာ သေဆုံးခဲ့အပြီး အာဖဂန်နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေအားလုံးကို မန်ဆူးက ဉီးဆောင် လုပ်ခဲ့တာ ဖြစ်ပြီး တခြား အကြမ်းဖက် ကွန်ရက် အဖွဲ့တွေနဲ့လည်း တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။

သူသေဆုံးသွားတာဟာ တာလီဘန် အဖွဲ့အပေါ် သိသာ ထင်ရှားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်သွားမှာ သေချာပါတယ်။

အာဖဂန် ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက် နိုင်စွမ်း အပေါ်မှာလည်း အကြီးအကျယ် ထိခိုက်သွားပါလိမ့်မယ်လို့ အာဖဂန် အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာ က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က မန်ဆူး ဟာ အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် စစ်မှုထမ်းတွေ အတွက်ရော၊ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေအတွက်ပါ ခြိမ်းခြောက်မှု အန္တရာယ်တခု ဖြစ်ခဲ့ပါတယ်။

အခု ဒီလေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တာဟာ အမေရိကန် အစိုးရအနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံကို ပိုတည်ငြိမ် အေးချမ်းပြီး လုံခြုံတဲ့ သာယာ ဝပြောတဲ့ နိုင်ငံတခုဖြစ်အောင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မိတ်ဖက် အာဖဂန် အစိုးရနဲ့ အမေရိကန် အစိုးရ အတူ ဆက် လက်တွဲ ရပ်တည်သွားမယ် ဆိုတာကို ထင်ထင်ရှားရှား သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောသွားပါတယ်။

အခုဆိုရင် တာလီဘန် အဖွဲ့အတွင်း သူ့နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဘီဘီစီ Pashto ဌာနက အယ်ဒီတာ အင်နာ ယာတူလက်က် ယာဆီနီ က သုံးသပ် တင်ပြထားပါတယ်

ဒီသတင်းနဲ့ပတ်သက်သမျှ