ဥရောပမှာ လက်ျာစွန်း သမ္မတ ရှိလာနိုင်တဲ့ အခြေအနေ ပျက်ပြယ်

_alexander_van_der_bellen
Image caption ပြည်သူ အားလုံးကို ကိုယ်စား ပြုနိုင်သူ တစ်ယောက် ဖြစ်လာဖို့ ကြိုးစားမယ်။

ဩစတြီးယား သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ကို နှာတဖြား အသာနဲ့ ကပ်ပြီး အနိုင်ရလိုက်တဲ့ အလက်ဇန်ဒါ ဗန်ဒါ ဘယ်လင်က ပြည်သူတွေ ခံစားနေရတဲ့ ကြောက်ရွံ့မှုနဲ့ အမျက်ဒေါသတွေကို ဖြေဖြောက် ပေးနိုင်စွမ်း ရှိတဲ့ နိုင်ငံရေး အခြေအနေမျိုး ဖြစ်ပေါ်လာအောင် လုပ်ဆောင်မယ် ဆိုပြီး ကတိပေး ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် အယူအဆ ကွဲပြားမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့ ဩစတြီးယား ပြည်ကြီးကို ပြန်လည် သွေးစည်း ညီညွတ်စေမယ် လို့လည်း မစ္စတာ ဗန်ဒါ ဘယ်လင်က ဆိုပါတယ်။

လူဝင်ရောက်မှုကို ဆန့်ကျင်တဲ့ ဖရီးဒမ်း ပါတီက နိုဘက် ဟိုဖာ ကို မစ္စတာ ဗန်ဒါ ဘယ်လင်က အနိုင်ယူ လိုက်တဲ့ အတွက်၊ ဥရောပ နိုင်ငံတွေမှာ လက်ျာစွန်းရောက် တစ်ဦး ပထမဆုံး အကြိမ် သမ္မတ တစ်ဦး ဖြစ်လာ တော့မလား ဆိုတဲ့ အချက်ကိုလည်း ချေဖျက် လိုက်နိုင်တာ ဖြစ်ပါတယ်။

အခုလို လက်ျာစွန်း ဝါဒီ တစ်ယောက် သမ္မတ ဖြစ် မလာတဲ့ အတွက် စိတ်သက်သာရာ ရခဲ့ကြရတယ် ဆိုပြီး ဥရောပ ခေါင်းဆောင်တွေက ထုတ်ပြော လာကြပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ခ် ဗော်လ်တာ ရှတိုင်းမိုင်ယာက အခုတော့ ဥရောပ အတွက် အသက်ရှု ချောင်နိုင်ပြီလို့ မှတ်ချက်ချ ပြောဆိုသလို၊ ပြင်သစ် ဝန်ကြီးချုပ် မဲန်နွဲ ဗောင်းကလည်း

ဩစတြီးယား ပြည်သူတွေက အစွန်းရောက် ဝါဒ အပေါ် ငြင်းပယ်နိုင်ခဲ့တဲ့ အတွက် စိတ်သက်သာ မိတယ်လို့ ဆိုပါတယ်။

မစ္စတာ ဗန်ဒါ ဘယ်လင်ကတော့ မစ္စတာ ဟိုဖာကို မဲပေးခဲ့ ကြသူတွေ အပါအဝင် ဩစတြေးလျ ပြည်သူ အားလုံးကို ကိုယ်စား ပြုနိုင်သူ တစ်ယောက် ဖြစ်လာဖို့ ကြိုးစားမယ်လို့ ပြောခဲ့သလို၊ လျစ်လျူရှု မျက်ကွယ်ပြု ခံနေ ကြရတယ်လို့ ခံစားနေရသူတွေ အတွက် ဂရုတစိုက် ပြန်လည် တုံ့ပြန်ပေးနိုင်တဲ့ နိုင်ငံရေး စနစ်မျိုး ထူထောင် ရမယ် ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ