လူ ၅ဝဝ ပါ ဒုက္ခသည် သင်္ဘောနစ်မြုပ်လို့ အီတလီ ရေတပ်ကယ်ဆယ်

boat ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၅ဝဝ ကျော် ကို အီတလီ ရေတပ်က ကယ်ဆယ် ခဲ့ရ

လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းဝင်လာသူတွေကို တင်ဆောင်ထားတဲ့ သင်္ဘောတစင်း နစ်မြုပ်ခဲ့လို့ အီတလီ ရေတပ် သင်္ဘောတွေက ကယ်ဆယ် ခဲ့ရပါတယ်။

လူ ၅၆ဝ ကျော်ကို ကယ်တင် နိုင်ခဲ့ပြီး ၅ ယောက် ရေနစ် သေဆုံး ခဲ့ရတာပါ။

ကယ်ဆယ်မယ့် သင်္ဘောလာပြီ ဆိုပြီး လူတွေ တဘက်တည်းကို စုသွားလို့ အခုလို တိမ်းစောင်းနစ်မြုပ်ခဲ့တာ လို့ သိရပါတယ်။

လူတွေ ကြောက်လန့်တကြားနဲ့ သင်္ဘော ကုန်းပတ်ကို တွဲလောင်းခိုနေကြပြီး တချို့လည်း ပင်လယ်ထဲ ပြုတ်ကျ ကုန်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အသက်ကယ် ဘောကွင်းတွေ ချပြီး ကယ်တင်ခဲ့

အီတလီ ကမ်းခြေစောင့် တပ်က အသက်ကယ် ဘောကွင်းတွေ ချ၊ လှေတွေ လွှတ်ပြီး ကယ်တင်ခဲ့ရပါတယ်။

ဒီကမ်းခြေစောင့် သင်္ဘောက ဗုဒ္ဓဟူးနေ့ကလည်း လူ ၁ဝဝ ကျော်ကို ကယ်တင်ခဲ့ရပါတယ်။

ဒီရက်ပိုင်း အတွင်း မြေထဲ ပင်လယ်ကို ဖြတ်ကူးပြီး လူ ၆ဝဝဝ လောက် ဥရောပကို ဝင်လာခဲ့ကြပါတယ်။

ဒါဟာ ဂရိနဲ့ တူရကီကြား ပင်လယ် ဖြတ်ကျော် ဝင်ရောက်နေတဲ့ အရေအတွက်ကို တူရကီနဲ့ ဥရောပ သမဂ္ဂတို့ နားလည်မှုယူပြီး ပိတ်ပင်ခဲ့ပြီးနောက် လစ်ဗျား-အီတလီ လမ်းကြောင်းကို ပိုသုံးလာကြတာ ဖြစ်ပါတယ်။

ဧပြီလက မြေထဲ ပင်လယ်မှာ သင်္ဘောနစ်မြုပ်လို့ လူ ၇ဝဝ ကျော် သေဆုံးခဲ့ပြီးနောက် အီတလီ ရေတပ်က ကယ်ဆယ်ရေးတွေ တိုးမြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ