သမ္မတလောင်း ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ ဒေါ်နယ်ထရမ့်ရရှိ

  • 26 မေ 2016
ထောက်ခံမဲအလုံအလောက်ရနေတဲ့ ထရမ့်
Image caption ထောက်ခံမဲအလုံအလောက်ရနေတဲ့ ထရမ့်

အမေရိကန် မီဒီယာတွေရဲ့အဆိုအရ ဒေါ်နယ်ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီရဲ့သမ္မတလောင်း အဖြစ်ရရှိဖို့ ညီလာခံ ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အလုံအလောက် ရထားပြီ လို့ဆိုပါတယ်။ အေပီနဲ့ အင်ဘီစီ သတင်း ဌာနကြီးတွေရဲ့ တွက်ကိန်းအရ ဇူလိုင်လ ပါတီ ညီလာခံကနေ တရားဝင်အ တည်ပြုဖို့ သူဟာ လိုအပ်တဲ့ ထောက်ခံ မဲပေါင်း ၁၂၃၈မဲ ရထားတယ်လို့ ဆိုပါတယ်။

ဘယ်သူ့ကို မဲပေးမယ်ဆိုတဲ့ အနှောင်အဖွဲ့မရှိတဲ့ ကိုယ်စားလှယ် တချို့ရဲ့မဲကို ရလိုက်လို့ သူ့အတွက် လိုအပ်တဲ့ မဲအရေအတွက် ပြည့်သွားတာဖြစ်ပါတယ်။ အဲဒီလို ထောက်ခံတဲ့ ကိုယ်စားလှယ် ၁၅ယောက်တို့ကို မြောက်ဒါကိုတာ ပြည်နယ်မှာ ထရမ့်က ကျေးဇူးတင်ကြောင်းပြောပြီး အများခန့်မှန်းတာ ထက်စောပြီးသမ္မတလောင်းအတွက် လိုအပ်မဲရတာဖြစ်တယ်လို့ သတင်းစာရှင်းပွဲမှာပြောသွားပါတယ်။

ကယ်လီဖိုးနီယားနဲ့ နယူးဂျာစီ ပါတီအောက်ခြေ အစည်းဝေးတွေဖြစ်တဲ့ ဇွန်လ၇ရက်မှာ အတားအဆီးမရှိတော့တဲ့ ထရမ့်ဟာ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်ထောက်ခံမဲ အရေအတွက်ကို ကျော်မှာဖြစ်ပါတယ်။ နယူးယောက်က အိမ်မြေရောင်းဝယ်ရေး သူဌေးကြီးဟာ စည်းရုံးရေး ကာလတလျှောက်လုံးသူ့ကို မထောက်ခံခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင်ပိုင်းက အခုပြောင်းလဲ ထောက်ခံမှုရလို့ အနိုင်ရတာလည်း ဖြစ်ပါတယ်။ ပါတီသမ္မတလောင်း အဖြစ်တော့ ဇူလိုင်လ ပါတီညီလာခံကနေ အတည်ပြုပေးမှ တရားဝင်ဖြစ်မှာပါ။

ဒါပေမယ့် ထရမ့်သမ္မတ မဖြစ်ရေး လှုပ်ရှားမှုကတော့ ကုန်ဆုံးသလောက် ရှိသွားပါပြီ။ Clevelandမှာ လုပ်မယ့် ရီပတ်ဘလစ်ကန် ပါတီညီလာခံဟာ ဒေါ်နယ်ထရမ့်ရဲ့ ပွဲဖြစ်ဖို့များပြီး သူ့ကိုယ် မထောက်ခံသူတွေဟာ ပွဲကြည့်ပရိသတ် ဘဝရောက် သွားမှာဖြစ်သလို ဝေဖန်သူတွေဟာလည်း ပစ်မှတ်တွေ ဖြစ်သွားနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် အန်ထိုနီ ဇာချာက သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ