ဖလူဂျာ IS တပ်မှူး သေဆုံးလို့ ကန်ထုတ်ပြန်

_fallujah_
Image caption မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေထဲက မိသားစု ရာနဲ့ချီပြီး ထွက်ပြေး လာနိုင်။

အီရတ်နိုင်ငံ ဖလူဂျာ မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ္မစ် နိုင်ငံ IS လက်နက်ကိုင် အယောက် ၇ဝ ထဲ ဖလူဂျာမြို့ ကို ထိန်းချုပ်ထားတဲ့ IS တပ်မှူး ကိုယ်တိုင် ပါဝင်တယ် ဆိုပြီး အမေရိကန် စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၄ရက် အတွင်း ဖလူဂျာ မြို့က IS ပစ်မှတ်တွေကို အကြိမ် ၂၀ ကျော် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စတိဗ် ဝါရင်က ဆိုပါတယ်။

ဖလူဂျာ မြို့ကို IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေကြတဲ့ အီရတ် တပ်ဖွဲ့ဝင်တွေကို လေကြောင်း ပစ်ကူတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေထဲက မိသားစု ရာနဲ့ချီပြီး ထွက်ပြေး လာနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် အရပ်သားဦးရေ ၅ သောင်းလောက် ဖလူဂျာမြို့ထဲ ဆက်လက် ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဖလူဂျာမြို့ တိုက်ပွဲ ဘယ်လောက် ကြာအောင် ဆက်ဖြစ်နေဦးမလဲ ဆိုတာ မသေချာဘူးလို့ ဗိုလ်မှူးကြီး ဝါရင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ