အိုဘားမား ဟီရိုရှီးမားသွား

hiroshima
Image caption ဗုံးဒဏ် ခံစားခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့

၁၉၄၅ ခုနှစ်က ဒုတိယ ကမ္ဘာစစ် ပြီးခါနီးမှာ အမေရိကန် အဏုမြူဗုံးကြဲခံခဲ့ရတဲ့ ဟီရိုရှီးမား မြို့ကို အမေရိကန် သမ္မတ အိုဘားမား မေလ ၂၇ ရက်က သွားရောက်ခဲ့ပါတယ်။

ဒါဟာ အမေရိကန် သမ္မတ တဦး အနေနဲ့ ပထမဆုံး သွားတဲ့ ဟီရိုရှီးမား ခရီးစဉ် ဖြစ်ပါတယ်။

ဗုံးဒဏ် ခံစားပြီး မသေမပျောက် ကျန်ရစ်သူ ဂျပန်လူမျိုးတွေနဲ့ မစ္စတာ အိုဘားမား တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ပန်းခြံမှာ အမှတ်တရ ပန်းခွေအဖြူကို ချခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုဘားမားကို စောင့်ကြိုနေကြတဲ့ ဟီရိုရှီးမား မြို့သူ မြို့သားတွေ

သူနဲ့အတူ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအဘေး လိုက်ပါလာပါတယ်။

ဟီရိုရှီးမားကို အဏုမြူဗုံးချတာဟာ လူမျိုးနွယ် အချင်းချင်း လူကပဲ ပြန်ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ပြခဲ့တာပဲ ဖြစ်ကြောင်း မစ္စတာအိုဘားမားက မိန့်ခွန်းပြော ခဲ့ပါတယ်။

ဒီအဏုမြူ ဗုံးဒဏ်ကြောင့် လူ တသိန်း လေးသောင်း သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ရောဂါမျိုးစုံ ခံစားခဲ့ရပါတယ် ။ အဲဒီနောက် သုံးရက်အကြာ နာဂါစကီးမှာ ဗုံးကြဲခဲ့တဲ့ အတွက် အနည်းဆုံး လူ ခုနစ်သောင်း လေးထောင် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အနုမြူ ဖျက်သိမ်းရေး ကိုလိုလားကြောင်း ပြော

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်မှာ ဟီရိုရှီးမားကို အနုမြူ ဗုံးကြဲခဲ့တာဟာ ဘယ်တော့မှ မှေးမှိန် ကွယ်ပျောက် သွားမှာ မဟုတ်ပါဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါပေမဲ့ သူက အပြစ်မဲ့ ဂျပန်လူမျိုးတွေ သိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ အတွက် အမေရိကန် ကိုယ်စား တောင်းပန် တာမျိုးကိုတော့ မလုပ်ပါဘူး။ သမ္မတ အိုဘားမား က အနုမြူ ဗုံးကြဲခဲ့တာနဲ့ ပတ်သက်ပြီး မတောင်းပန် ပေမယ့် အနုမြူ ဖျက်သိမ်းရေး ကိုတော့ လိုလားကြောင်း ပြောခဲ့ပါတယ်။

အဏုမြူ လက်နက်တွေ အစုလိုက် အပြုံလိုက် ပိုင်ဆိုင်ထားကြတဲ့ အမေရိကန် အပါအဝင် နိုင်ငံ တော်တော်များများ အနေနဲ့ အကြောက်တရား ကနေ ကင်းလွတ်ပြီး အဏုမြူ ကင်းမဲ့တဲ့ ကမ္ဘာတခုကို လက်ခံလာအောင် ဆွဲဆောင် ကြရပါမယ် လို့ ပြောသွားပါတယ်။ ဒါပေမဲ့ အခုလူတွေ အသက်ရှင်စဉ် သက်တမ်း အတွင်းမှာတော့ ဖြစ်နိုင်မယ် မထင်ဘူးလို့ ဆိုပါတယ်။

Image caption ဟီရိုရှီးမား အဏုမြူဗုံးကျစဉ်က မြင်ကွင်း

ကန်နီ ဆာ့ဘတ်သ် ဟာ အနုမြူ ဒဏ် ခံခဲ့ရတဲ့ တိုမီကို ရှိုဂျိရဲ့ မြေးဖြစ်ပါတယ်။ တိုမီကို ရှိုဂျိ ဟာ စီးကရက် စက်ရုံမှာ အလုပ်လုပ် နေစဉ်မှာ အဏုမြူ ဗုံးကြဲတာကို ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။

သူဘယ်လို တွေ့ခဲ့ရတယ် ဆိုတာကို သူ့မြေး ကန်နီဆာ့ဘတ်သ်က ပြန်ပြောပြပါတယ်။

'သူမြင်ရတဲ့ အလောင်းတွေဟာ အသားတွေ ပျော်ကျနေကြတယ်။ လူတိုင်းရဲ့ အသား တွေဟာ မီးလောင်ကျွမ်း ထားသလို ဖြစ်နေတယ်။ ဟီရိုးရှီးမား ငြိမ်းချမ်းရေး ပန်းခြံကို အဘွားနဲ့အတူ အလည် သွားတုန်းက သူပြောပြတာက မြစ်ကြီးကို လက်ညှိုးထိုး ပြပြီး အဲဒီမြစ်ကြီးဟာ သွေးမြစ်ကြီး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ မြစ်ထဲမှာ မည်းမည်း အလုံးတွေကို မြင်တော့ အစက သူက ဘောတွေ မျောနေတာ ဒါမှမဟုတ် အရုပ်တွေလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒါတွေဟာ လူ့ခေါင်းတွေ ဖြစ်နေတယ်။ လူတွေဟာ ပူလောင်တဲ့ ဒဏ်ကနေ သက်သာရာရမလားဆိုပြီး မြစ်ထဲ ခုန်ဆင်းခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ အရှင်လတ်လတ် အပြုတ် ခံရသလို ဖြစ်ခဲ့တယ်'

လို့ သူ့အဘွားက ပြောခဲ့ကြောင်း ပြန်ပြောပြ သွားပါတယ်။

ဂျပန်ပြည်သူ အများအပြား ကလည်း သမ္မတ အိုဘားမား အနေနဲ့ မတောင်းပန်တဲ့ တိုင်အောင် အခုလို လာရောက် ဖော်ရတာကိုပဲ ဝမ်းသာကြပါတယ်။

ဟီရိုရှီးမား ကနေ မသေဘဲကျန်ခဲ့သူ တယောက်ဖြစ်တဲ့ ကီကို အာဂူရာ က ဖြစ်ပြီးခဲ့တာတွေကို ပြန်အပြစ်တင် မနေချင်တော့ပေမယ့် အနုမြူ လုံးဝ ဖျက်သိမ်းရေးကိုတော့ လိုချင် ပါတယ်၊ အနုမြူ လက်နက်ရဲ့ တကယ့် အမှန်တရား၊ တကယ် လက်တွေ့တရား ကို အိုဘားမား နားလည် သွားတာကို သူတို့ လိုလားပါတယ် လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ