အိုကီနာဝါက အမေရိကန်စစ်စခန်းတွေမှာ ညမထွက်ရအမိန့်ထုတ်

  • 28 မေ 2016
US forces on Okinawa ဓာတ်ပုံ မူပိုင် The United States Marine Corps
Image caption တပ်ဖွဲ့ဝင်တချို့ရဲ့ အပြုအမူတွေကို ဒေသခံတွေက မကြေနပ်

ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းမှာ အမေရိကန် မရိန်းတပ်သားဟောင်းတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယရှိစရာ အဖြစ် ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်စစ်တပ်က ကျွန်းပေါ်က စခန်းတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန် ထားလိုက်ပါတယ်။

အမေရိကန်က အခု ကိစ္စအတွက် ဝမ်းနည်းကြေကွဲခြင်းနဲ့ ပြန်လည် ညီညွတ်ခြင်း ရက်ပေါင်း၃၀ ကာလ သတ်မှတ်ခဲ့ပြီး ညမထွက်ရ အမိန့်လည်း ထုတ်ခဲ့ပါတယ်။

အိုကီနာဝါက အမေရိကန် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး လောရင့်စ် နီကိုလ်ဆင်က တပ်စခန်းတွေမှာ ကပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ပွဲတော်တွေအားလုံးကို ရပ်ထားမယ်လို့ ကြေညာထားပါတယ်။

အခုလို အရေးယူဆောင်ရွက်ရတာဟာ စစ်သားတွေကို အရေးယူ အပြစ်ပေးတာမျိုး မဟုတ်ပေမယ့် အိုကီနာဝါကျွန်းသူ ကျွန်းသားတွေ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေချိန်မှာ အမေရိကန်စစ်သားတွေကလည်း ဒီအသိုင်းအဝန်းထဲမှာ ထပ်တူခံစားမှု ရှိနေတယ်ဆိုတာ ပြသလိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး အသက် ၃၂ နှစ်အရွယ် ကက်နက် ရှင်ဇာတိုဆိုသူကို ဖမ်းဆီးထားပါတယ်။ စွဲချက်တော့ မတင်သေးပါဘူး။

အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင် သုံးသောင်းလောက်ရှိနေပါတယ်။

ဒေသခံတွေကတော့ အမေရိကန် တပ်တွေ ဖယ်ရှားပေးဖို့ ဆန္ဒပြတာတွေရှိခဲ့ပါတယ်။