လူတွေ သိန်းပေါင်းများစွာ သေခဲ့ရတဲ့ ဗာဒန်းတိုက်ပွဲ နှစ် ၁၀၀ ပြည့်ပြီ

_verdun
Image caption ဗာဒန်းဟာ ရူးသွပ် မိုက်မဲမှုဒဏ်ကို တွေ့ကြုံ ခံစားခဲ့ရတယ်။

ပထမ ကမ္ဘာစစ်ကြီး အတွင်း အရှည်ကြာဆုံး တိုက်ခဲ့ရတဲ့ ပြင်သစ် အရှေ့ပိုင်း ဗာဒန်း တိုက်ပွဲ အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အနားတွေကို မေလ ၂၉ ရက် နေ့ တနင်္ဂနွေနေ့က ကျင်းပ ခဲ့ကြပါတယ်။

၁၀ လ တာမျှ ဖြစ်ပေါ် ခဲ့တဲ့ ဗာဒန်း တိုက်ပွဲ အတွင်း ပြင်သစ်နဲ့ ဂျာမန် စစ်သားတွေ ၃ သိန်း ဝန်းကျင် သေဆုံး ခဲ့ကြ ရပါတယ်။

ကျဆုံးခဲ့တဲ့ စစ်သားတွေရဲ့ အရိုးတွေ စုဆောင်း ထားတဲ့ အထိမ်းအမှတ် ပြတိုက် မီးထွန်းညှိပွဲ အခမ်းအနားမှာ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့်နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်တို့ နှစ်ဦး စလုံး ဘေးချင်း ယှဉ်ရက် ရှိနေ ခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ အိုလော်န့်က ဗာဒန်းမြို့ဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“ဗာဒန်းဟာ ရူးသွပ် မိုက်မဲမှုဒဏ်ကို တွေ့ကြုံ ခံစားခဲ့ရတယ်၊ ဥရောပ ကိုယ်၌ လွန်ခဲ့တဲ့ နှစ်တစ်ရာက ဗာဒန်းမှာ ပျောက်ဆုံးခဲ့ရတယ်၊ ဒါပေမယ့် ဒီ အတွေ့အကြုံတွေ ထဲကနေမှ တဆင့် ငြိမ်းချမ်းရေး အတွက်၊ ပြင်သစ်-ဂျာမနီ မိတ်သဟာရ ဖြစ်ရေး အတွက် စုစည်း ပေးနိုင်စွမ်း ရှိခဲ့တယ်” လို့ သမ္မတ အိုလော်န့်က ပြောခဲ့ ပါတယ်။

အဲဒီ့ အခမ်းအနားရဲ့ အဓိက အခန်းကဏ္ဍမှာ ကလေးသူငယ်တွေ ရာပေါင်းများစွာဟာ အနာဂတ်ကို ကိုယ်စားပြု သင်္ကေတ ဆောင်ပြီး ပါဝင် ခဲ့ပါတယ်။

အစောပိုင်းတုန်းက ဗာဒန်း မြို့တော်ခန်းမမှာ ပြုလုပ် ခဲ့တဲ့ ပွဲတုန်းက ဂျာမနီ ဝန်ကြီးချုပ် မာ့ခဲလ်က အတိတ်ကို သိသူတွေသာ ပိုမို ကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်နိုင်တယ် လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ