ကင်ညာက ဒုက္ခသည်စခန်း အားလုံး ပိတ်တော့မယ်

  • 31 မေ 2016
_children ဓာတ်ပုံ မူပိုင် AFP
Image caption ဒယ်ရ်ဒပ် စခန်းမှာ ဆိုမာလီ ဒုက္ခသည် ၃ သိန်းကျော် နေထိုင်နေ။

ကင်ညာ နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဒယ်ရ်ဒပ် အပါအဝင် ဒုက္ခသည် စခန်း အားလုံးကို လာမယ့် နိုဝင်ဘာလ ဆိုရင် ပိတ်ပြစ်တော့မယ် ဆိုပြီး ကင်ညာ အစိုးရက ကြေညာ လိုက်ပါတယ်။

ဒယ်ရ်ဒပ် စခန်းမှာ ဆိုမာလီ ဒုက္ခသည် ၃ သိန်းကျော် နေထိုင်နေပြီး၊ ကျန် ဒုက္ခသည် စခန်းတွေ အားလုံးနဲ့ပါ ဆိုရင် ဒုက္ခသည်ပေါင်း ၆ သိန်း ကျော် ကင်ညာ နိုင်ငံမှာ ရှိနေတာပါ။

အခုတော့ အဲဒီ့ ဒုက္ခသည် အားလုံးကို နေရပ်ရင်းကို ပြန်လည် ပို့ဆောင်ကောင်း ပို့ဆောင်မယ် ဆိုပြီး ကင်ညာ အစိုးရက ပြောပါတယ်။

ဆိုမာလီယာ နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာခဲ့ ကြရသူတွေကို ခိုလှုံခွင့် ပေးဖို့ ဒယ်ရ်ဒပ် စခန်း အပါအဝင် တခြား ဒုက္ခသည် စခန်းတွေ ကို ၁၉၉၁ ခုနှစ် ကတည်းက စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး၊ တချို့ ဒုက္ခသည်တွေဟာ အဲဒီ့ အချိန်က စလို့ ဒုက္ခသည် စခန်းတွေမှာ နှစ်ပေါင်း အစိတ်နီးပါး သောင်တင် နေခဲ့ကြရတာ ဖြစ်ပါတယ်။

အခု အခါမှာတော့၊ ကင်ညာ အစိုးရက ဒုက္ခသည်တွေကို လက်ခံထားရလို့ စီးပွားရေး အရ ဝန်ထုပ်ဝန်ပိုး ဖြစ်ရသလို ကင်ညာနိုင်ငံ လုံခြုံရေးကိုလည်း ထိပါး ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ပြောလာပါတယ်။

ဒုက္ခသည် စခန်းတွေ ပိတ်ဖို့ ကင်ညာ အစိုးရ ဆုံးဖြတ်လိုက်တဲ့ အပေါ် လူ့ အခွင့်အရေး အဖွဲ့တွေက ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ